၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ရက်ဖို့ဒ်မှာ ကျောနံပါတ် ၉ နေရာတွင် သူကစားစေချင်တဲ့အတိုင်း ရာနှုန်းပြည့်ကစားနိုင်ခဲ့ကြောင်း ဖလစ် ပြောကြားလာ
======================

ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က အိုလံပီယာကို့စ်နိုင်ပွဲတွင် ၂ ဂိုးသွင်းခဲ့တဲ့ မားကပ်စ်ရက်ဖို့ဒ်မှာ ကျောနံပါတ် ၉ နေရာတွင် မိမိ ကစားစေချင်တဲ့ ပုံစံအတိုင်း ရာနှုန်းပြည့် ကစားနိုင်ခဲ့ကြောင်း ပြောကြားလာပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာ မနေ့ညတုန်းက အိုလံပီယာကို့စ်အား ၆-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဘာစီလိုနာရဲ့အပိတ်ဂိုး ၂ ဂိုးကို သွင်းယူခဲ့ပါတယ်။

ကျန်ဘာစီလိုနာရဲ့ ဂိုးများကို ဖာမင်လိုပက်ဇ်က ဟက်ထရစ်နှင့် လာမိန်းယာမဲလ်က ပင်နယ်တီမှ တဆင့် ၁ ဂိုးသွင်းခဲ့ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာ မနေ့ညကပွဲတွင် ၂ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအတွက် ချန်ပီယံလိဂ် ၃ ပွဲကစားထားရာတွင် ၄ ဂိုးအထိ သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ဟာ ရောဘတ်လီဝန်ဒေါ့စကီး ဒဏ်ရာကြောင့် အနားယူနေရမှုနှင့်အတူ မားကပ်စ်ရက်ဖို့ဒ်အား ကျောနံပါတ် ၉ နေရာတွင် ကစားစေခဲ့တာလည်း ဖြစ်ပါတယ်။

ဟန်ဆီဖလစ်က "ဒီကနေ့ ရက်ဖို့ဒ် ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ကျောနံပါတ် ၉ နေရာမှာ ကစားရတာ သူ့အတွက် မလွယ်ကူပါဘူး။ ပထမမိနစ်တွေမှာ ကျွန်တော်တို့ Press လုပ်ရာမှာ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် သူဟာ အခွင့်အရေးတွေ ရလာချိန်မှာ အသုံးချနိုင်ခဲ့တယ်။ ပင်နယ်တီလည်း ရခဲ့သေးတယ်။ အရေးအကြီးဆုံးက သူ ဂိုးတွေ သွင်းနိုင်ခဲ့တာပါ။ သူ့ဆီက ကျွန်တော်တို့အတိုင်း ရာနှုန်းပြည့်ပေးခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာ ၂၀၁၇ ခုနှစ်တုန်းက ပီအက်စ်ဂျီကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်တွင် ၆ ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ညက ပွဲတွင် ချန်ပီယံလိဂ် ၂၅ ပွဲပြည့်ကစားခဲ့တဲ့ လာမိန်းယာမဲလ်မှာ အသက် ၁၈ နှစ်နှင့် ရက် ၁၀၀ ဖြင့် ချန်ပီယံလိဂ် ၂၅ ပွဲပြည့်ကစားနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။

ဟန်ဆီဖလစ်ဟာ မနေ့ညက အိုလံပီယာကို့စ်နှင့်ပွဲတွင် ဘာစီလိုနာပွဲထွက်လူစာရင်းမှာ ၇ ဦးအထိ အသုံးပြုခဲ့ပါတယ်။
ယင်းအထဲတွင် အသက် ၁၇ နှစ်ရှိ ဒီရိုဖာနန်ဒက်ဇ်မှာ အံ့ဩသင့်ဖွယ် ပွဲထွက်လူစာရင်းတွင် ပါဝင်လာပြီးနောက် လိုပက်ဇ်ရဲ့ ဒုတိယဂိုးအား ဖန်တီးပေးနိုင်ခဲ့ပါတယ်။

စပိန်အနောက်မြောက်ပိုင်းဂါလီစီယာပြည်နယ်၊ နီဂရန်မြို့ငယ်လေးတွေ မွေးဖွားတဲ့ သူဟာ ၂၀၂၂ ခုနှစ်တွင် Val Minor Nigran မှ ဘာစီလိုနာသို့ ရောက်လာပြီးနောက် ပြီးခဲ့တဲ့လကမှ ဘာစီလိုနာအတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ယခုအပတ်အကုန်တွင် ဘာနေဗျူးကွင်းသို့ သွားရောက်ကာ ရီးရဲလ်မက်ဒရစ်နှင့် El Clasico ပွဲကစားရပါမယ်။

image