2 w - Translate

◾️ပစ္စည်းခိုးသည်ဟုဆိုကာ ဓာတ်တိုင်တွင်ကြိုးတုပ် ရိုက်နှက်ခံရသူနှင့် ဆိုင်ပိုင်ရှင်အမျိုးသမီးတို့အား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးလျက်ရှိ
ရန်ကုန်တိုင်း၊ ‌လှိုင်သာယာမြို့နယ်၌ အိမ်သုံးပစ္စည်းရောင်းချသော ဆိုင်တစ်ဆိုင်မှ ပစ္စည်းခိုးယူသည်ဟုဆိုကာ ဓာတ်တိုင်တွင် ကြိုးတုပ်၍ ရိုက်နှက်ခံရသူအမျိုးသမီးနှင့် ဆိုင်ပိုင်ရှင်အမျိုးသမီးတို့ကို ယနေ့(အောက်တိုဘာ ၂၁ ရက်) နံနက်ပိုင်းတွင် လှိုင်သာယာ (၅)ထိပ်ရဲစခန်းက ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း FDR လူမှုကူညီရေး အသင်းထံမှ သိရသည်။
အဆိုပါအခင်းဖြစ်စဉ်နှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်မှာ ယနေ့(အောက်တိုဘာ ၂၁ ရက်) နံနက်ပိုင်းတွင် လူမှုကွန်ရက်၌ပျံ့နှံ့လျက်ရှိပြီး ဗီဒီယိုဖိုင်ထဲတွင် ဆိုင်ရှင်အမျိုးသမီးမှ ခိုးယူသူဟုယူဆရသူအမျိုးသမီးကို ခြေထောက်ဖြင့်နင်း၍ပါးရိုက်ကာ ဓာတ်တိုင်တွင် ကလေးငယ်နှင့်အတူကြိုးတုပ်၍ ရေနွေးဖြင့်ပက်မည် ဟု ခြိမ်းခြောက်ပြောဆိုခြင်းကြောင့် လူမှုကူညီရေးအသင်းတချို့ကလည်း ကူညီဖြေရှင်းပေးရန် သွားရောက်စောင့်ဆိုင်းလျက် ရှိကြောင်းသိရသည်။
"ကျွန်တော်တို့က ကလေးမိဘကြောင့်မဟုတ်ဘူး။ ကလေးဘက်ကကျွန်တော်တို့လိုက်တာပါ။ ကလေး ကငယ်သေးတော့ ကလေးအမေတစ်ခုခုဖြစ်သွားခဲ့ရင် ကလေးဘဝတော့သွားပြီဆိုပြီး ကျွန်တော့် မိတ်ဆွေရှင်သန်ခြင်းပရဟိတ(မြိတ်) ကလည်း အကူညီတောင်းတာနဲ့သွားညှိနှိုင်းတာပါ။ လျော်ရမယ် ဆိုလည်းလျော်ပေးမယ်။ ဒီကလေးမိဘနဲ့ကလေးဘယ်လိုရပ်တည်လို့ရမလဲ။ ကျွ‌န်တော့် မိတ်ဆွေနဲ့ ပေါင်းပြီး ဈေးဆိုင်လေးတဆိုင်ဖြစ်ဖြစ်ရပ်တည်ရအောင် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သွားတာပါ" ဟု FDR လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်‌ဒစ်ဂျစ်တယ်သို့ပြောသည်။
အဆိုပါ ဆိုင်ရှင်အမျိုးသမီး၏မိခင်ဖြစ်သူအား FDR လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူမှ သွားရောက်တွေ့ဆုံရာတွင် ဆိုင်ဘက်မှခိုးယူသူအား ဖမ်းဆီးအမှုဖွင့်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ကြောက်လန့်၍ နောင်ထပ်မံမလုပ်အောင် ခြိမ်းခြောက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
ခိုင်နှင်း‌ဝေ ရင်သွေးလေးများဂေဟာ တည်ထောင်သူသရုပ်ဆောင် ခိုင်နှင်းဝေကလည်း နစ်နာသူ လူမမယ် ကလေးငယ်ဘက်မှ ဥပဒေ အကာအကွယ်အပြည့်ရရှိစေရန် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထား သည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ - ကြီးလေးကြီး/FB
#ပြည်တွင်းသတင်း

image