2 ပတ် - ဘာသာပြန်ပါ။

ငှက်ပျောစိုက်ပျိုးနည်း 🍌🍌
🔰 ရေမြေရာသီဥတု
- မြေဆီဩဇာ၊ အာဟာရပြည့်စုံသောနုန်းမြေသည် အကောင်းဆုံး ဖြစ်သည်။ ရွံ့စေးမြေ၊ သဲမြေ၊ ထုံးပေါက်မြေ၊ ဆားပေါက်မြေများတွင် ငှက်ပျောပင် ကောင်းမွန်စွာမဖြစ်ထွန်းနိုင်ပါ။ မြေချဉ်ငံဓါတ် ၆-၇.၅ အတွင်းရှိအောင် ပြုပြင်စိုက်ပျိုး၍ နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများကို အသုံးပြုခြင်းဖြင့် မြေဆီလွှာအာဟာရဓါတ်ကို မြှင့်တင်နိုင်သည်။
- အပင်သက်တမ်းပထမသုံးလေးလသည် ထွက်ရှိလာမည့် ငှက်ပျောခိုင်၏အလေးချိန်၊ တစ်ခိုင်တွင်ပါရှိမည့် ငှက်ပျောဖီးအရေအတွက်၊ တစ်ဖီးတွင် ပါရှိမည့် ငှက်ပျောသီးအရေအတွက်ကို ဆုံးဖြတ်ပေးသော ကာလဖြစ်သဖြင့် အဓိက အာဟာရဓာတ်များ၊ အစိုဓာတ်များကောင်းစွာရရှိရန် အရေးကြီးသည်။
- ငှက်ပျောပင်သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းသည်အပင်အတွက်မကောင်းသောကြောင့် အပင်ခြေရင်းတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျ ပြုလုပ်ပေးရမည်။
🔰 စိုက်ပျိုးခြင်း
ထယ်နက်နက်ထိုးပြီးထွန်မွှေကာမြေညှိပါ။ သားတက်ဖြင့် သို့မဟုတ် အပင်တစ်သျှူးမျိုးပွားနည်းဖြင့် မျိုးပွား၍စိုက်ပျိုးကြသည်။ သားတက်တွင်လှံစို့သားတက်နှင့်ရေစို့သားတက်ဟူ၍ရှိပြီး လှံစို့သားတက်သည် ပင်ခြေပိုင်းတွင်ကောင်းစွာကြီးထွားဖွံ့ဖြိုး၍ အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ ရေစို့သားတက်မှာရွက်ပြားကြီးသည်။ လှံစို့သားတက်သည်(၁၁)လနှင့်အခိုင်ကျပြီး ရေစို့သားတက်မှာ (၁၅)လကြာမှသာအခိုင်ကျသည်။ ရွေးချယ်ထားသောသားတက်၏အမြစ်များနှင့် အသားပိုများအားပြောင်စင်အောင်ဖယ်ရှားပါ။ ကျင်းအနက်၊ အကျယ် ၂ ပေ ပတ်လည်ရှိသော ကျင်းများတူး၍ နွားချေး၊ သဘာဝမြေဩဇာနှင့် ရေသင့်တင့်အောင်ထည့်၍ သမအောင်မွှေပြီး တစ်ပတ်ခန့်မြေနှပ်ထားပါ။ အပင်ပုမျိုးစိုက်မည်ဆိုပါက တစ်ကျင်းနှင့် တစ်ကျင်းအကွာအဝေး ၅-၆ ပေခြား၊ အပင်ကြီးမျိုးအတွက် ၇-၁၀ ပေခြားစိုက်ပါ။
🔰 ကြီးထွားမှုအဆင့်အလိုက် မြေဩဇာကျွေးနည်း
- စိုက်ပျိုးပြီး ၁-၂ လအတွင်း (စတင်ကြီးထွားချိန်)တွင် စိမ်းစိုဩဂဲနစ်မြေသြဇာအနေဖြင့် အမြစ်နှင့် အရွက်များထွက်ရှိရန်နှင့် ဖွံ့ဖြိုးသန်စွမ်းရန် နိုက်ထရိုဂျင်ကို ပိုမိုကျွေးပါ။ 15:15:15+7S Blended ၅၀ ဂရမ်ခန့် ကို ပင်ခြေတစ်ပင်လျှင် ၁-၂ လတစ်ကြိမ် ကျွေးပါ။
- စိုက်ပျိုးပြီး ၃-၆ လအတွင်း (ပန်းပွင့်ချိန်မတိုင်ခင်) ထိ ပန်းအုံ၊ သီးတောင့်နှင့် သီးခိုင်အရွယ်အစား ကောင်းမွန်စေရန်အတွက် ပိုတက်စီယမ်(K)ပါဝင်မှု မြင့်မားသော 17:5:20 မြေသြဇာကို ပင်ခြေတစ်ပင်လျှင် ၅၀-၇၅ ဂရမ် ကို ၁-၂ လတစ်ကြိမ် ကျွေးပါ။
- ပန်းပွင့်ပြီး အသီးသီးချိန်နှင့်အသီးရင့်မှည့်ချိန်တွင် ချိုမြိန်ပြည့်ဖြိုးစေရန် ပိုတက်စီယမ် (K) ကို ၅၀ ဂရမ် ခန့်ဆက်လက်ကျွေးပါ။
- မြေသြဇာကို ပင်စည်မှ အနည်းဆုံး ၆ လက်မ ခန့် ခွာ၍ ရေပေးသွင်းမည့် မြောင်းကလေးတစ်ဝိုက်တွင် ဖြူးချပေးပါ။ မြေသြဇာကျွေးပြီးတိုင်း ရေကို လောင်းပေးရပါမည်။ သို့မှသာ မြေဆီလွှာထဲသို့ အာဟာရများ စုပ်ယူနိုင်မည် ဖြစ်ပြီး မြေဩဇာလောင်ခြင်း (root burn) ကို ကာကွယ်နိုင်မည်။ မြေဆွ၍ မြေသြဇာနှင့် မြေကြီးရောမွှေပေးခြင်းက ပိုမိုကောင်းမွန်ပါသည်။
🔰 အထွက်နှုန်းကောင်းစေရန် သတိပြုရမည့်အချက်များ
- မိုးရာသီတွင် ရေစိမ့်ဆင်းမှုကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါ။
- ငှက်ပျောပင်သည် ရေအလွန်ကြိုက်သောကြောင့် အစိုဓါတ်အမြဲရနေစေရန် ရေပေးသွင်းခြင်းကို စီစဉ်ဆောင်ရွက်ထားပါ။
- အသီးကြီးထွားရန် ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးပါ။ အသီးအရောင်လှပစေရန် သီးခိုင်ကို အပြာရောင်ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးပါ။
- ငှက်ပျောအတွက် အများဆုံးလိုအပ်သောအာဟာရဓာတ်မှာ ပိုတက်ဆီယမ်(K)ဖြစ်ပါသည်။ အစောပိုင်းကာလများတွင် K အနည်းငယ်သာ လိုအပ်ပြီး ငှက်ပျောဖူးမထွက်မှီနှင့် ထွက်ပြီးအချိန်များတွင် အများဆုံးလိုအပ်ပါသည်။
- ငှက်ပျောခင်းအား(၃)နှစ်အထိသာထားပြီး အသစ်ပြန်စိုက်ပါ။
- ပေါင်းမြက်များရှင်းလင်းရာတွင် အမြစ်များထိခိုက်မှုမရှိစေရန် အထူးဂရုပြုဆောင်ရွက်ပါ။
- ငှက်ပျောပင်သည် ရောဂါဒဏ်ကိုခံနိုင်ရည်မရှိသည့်အတွက် တွေ့ရအများဆုံးရောဂါများဖြစ်သော ပနားမားပင်ညှိုးသေရောဂါ၊ ရွက်ပျောက်ရောဂါ၊ ငှက်ပျောထိပ်စုရောဂါများ ကျရောက်ခြင်းရှိ၊ မရှိ အစဉ်အမြဲစောင့်ကြည့်ဂရုစိုက်ပေးပါ။
- အဖူးထွက်ပြီး(၆)လခန့်အကြာ ငှက်ပျောသီးဇောင်းပျောက်ပြီးလုံးဝန်းသောအချိန်တွင်ခုတ်ပါ။ သားတက်သန်မာစေရန်ငှက်ပျောခိုင်ခုတ်ပြီးသောအပင်ကိုအောက်ခြေမှ(၅)ပေချန်ပြီးဖြတ်ပါ။