11 hrs - Translate

တောင်ဥက္ကလာ၊ ရွှေပြည်သာနှင့် လှိုင်သာယာတို့တွင် နာရီခြားပြီးမီးလောင် တစ်ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် နာရီခြားပြီး မီးလောင်မှုသုံးကြိမ်ဖြစ်ပွားခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပါရမီလမ်းတွင် အောက်တိုဘာ ၂၀ ရက်၊ ညနေ ၄ နာရီ ၁၆ မိနစ်က မီးလောင်မှုဖြစ်ပြီး လူနေအိမ်ဆိုင်ခန်းတွဲကိုးခန်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
"လူနေအိမ်ဆိုင်ခန်းမှာ ဆွေးမြည့်နေတဲ့ဝါယာကြိုးတွေ အပူလွန်ကဲပြီး မီးလောင်တာပါ။ မီးလောင်မှုကြောင့် ပျက်စီးဆုံးမှုကာလတန်ဖိုး ကျပ်သိန်း ၆၅ လို့သတ်မှတ်ထားပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်" ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ကနောင်မင်းသားကြီး (၂) လမ်းရှိ ခေါက်ဆွဲစက်ရုံတွင် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၁၂ နာရီ ၃ မိနစ်က မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ခေါက်ဆွဲစက်ရုံတွင် ဒယ်နီအိုးဖြင့် ဟင်းထည့်နွေးရင်း သတိမေ့ကာ အိပ်ပျော်သွားခြင်းကြောင့် အပူ လွန်ကဲကာ မီးလောင်မှုဖြစ်ပြီး အသက် ၇၈ နှစ်အရွယ်လူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုး ကျပ် ၆၀ သိန်း သတ် မှတ်ထားကြောင်း၊ ဖြစ်စဥ်နှင့်စပ်လျဥ်း၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ် ဆေးလျက်ရှိနေကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းတွင် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၂ နာရီ ၅၀ မိနစ်က ဖွဲဂိုဒေါင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွဲဂိုဒေါင်တွင် အလုပ်ပိတ်ချိန် ဖွဲခါစက်မိန်းခလုတ် မီးအပိတ်အဖွင့်ကို မေ့လျော့ကာမပိတ်ခဲ့သဖြင့် အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုး ကျပ် ၃၅ သိန်းရှိခဲ့ကြောင်း သိရသည်။

image