နည်းပြမော်ရင်ဟိုကို အက်ဒီဟောင်း ချီးကျူး
----------------------
ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမယ့် ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက အမြော်အမြင်ရှိတဲ့ နည်းပြတစ်ဦး ဖြစ်တယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ချီးကျူးလိုက်ပါတယ်။ နယူးကာဆယ်အသင်းနဲ့ ဘင်ဖီကာ အသင်းတို့ဟာ နယူးကာဆယ်အိမ်ကွင်းဖြစ်တဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ချန်ပီယံလိဂ်ပွဲစဉ်ကိုကစားကြမှာဖြစ်ပါတယ်။
ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်တဲ့ မော်ရင်ဟိုဟာ သူ့အပေါ်ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိထားတယ်လို့ နည်းပြ အက်ဒီဟောင်းက ဝန်ခံထားပါတယ်။ ချဲလ်ဆီးအသင်းမှာ မော်ရင်ဟို တည်ဆောက်ထားခဲ့တဲ့ နည်းစနစ်တွေက လူငယ်နည်းပြတွေအတွက် အရမ်းကို သဘောကျစရာကောင်းသလို လေ့လာသင်ယူစရာတွေလည်းများပါတယ်လို့ အက်ဒီဟောင်းက ပြောပါတယ်။
ဘင်ဖီကာနည်းပြ မော်ရင်ဟို ကလည်း နယူးကာဆယ်အသင်းနဲ့ကစားမယ့် ပွဲစဉ်မတိုင်ခင် သူ့ရဲ့လူမှုကွန်ရက်မှာ နယူးကာဆယ်ဂန္ထဝင် နည်းပြ ဘော်ဘီရော့ဘ်ဆင်နဲ့ အတူတွဲရိုက်ထားတဲ့ပုံကိုတင်ခဲ့ပြီး သူနဲ့ နယူးကာဆယ် အသင်းကြားက နှောင်ကြိုးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ နယူးကာဆယ်အသင်းက နည်းပြအက်ဒီဟောင်း လက် ထက်မှာ တိုးတက်မှုတွေရှိလာ သလို အသင်းကြီးတွေကို စိန်ခေါ်နိုင်တဲ့ အသင်းမျိုးဖြစ်လာသလို အနာဂတ် ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်လာပြီလို့လည်း ဘင်ဖီကာနည်းပြ မော်ရင်ဟိုက ပြောသွားပါတယ်။