အလုပ်သမားရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့STUM မှဒေါ်မျိုးမျိုးအေးတို့အပါအဝင် လေးယောက် ထောင်ကပြန်လွတ်လာ

အောက်တိုဘာ ၂၁

အလှုပ်သမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင် နဲ့ ဒေါ်မျိုးမျိုးအေးတို့ အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူ လေးယောက် မနေ့က အောက်တိုဘာ ၂၀ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက် လာပြီလို့သိရပါတယ်။

လက်ရှိ စွဲဆိုထားတဲ့ အမှုအားလုံးကို အထူးအမိန့်နဲ့ ရုတ်သိမ်းပြီး ထောင်ကနေလွှတ်ပေးလိုက်တာ ဖြစ်ကြောင်း ၊ နှစ်ယောက်လုံး မနေ့က ညပိုင်းကတည်းက နေအိမ်ကိုပြန်လည်ရောက်ရှိပြီဖြစ် ကြောင်းသိရပါတယ်။

ကိုသက်နှင်းအောင်က မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပြီး ထောင်ကနေ လွတ်မြောက်ပြီး ပြန်လည်ရောက်ရှိလာကြောင်းကို MICS-TUsF ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်မျိုးမျိုးအေးကတော့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဦးဆောင်သူ ဒါရိုက်တာဖြစ်ပြီး ထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး နေအိမ်ရောက်ရှိကြောင်းကို STUM မှသတင်းထုတ်ပြန်ထားသလို မိသားစုဝင်ဆီကလည်း အတည်ပြုသိရှိရပါတယ်။

" မနေ့ညကတည်းက အိမ်ပြန်ရောက်ပါပြီ။အထူးအမိန့်နဲ့လွှတ်ပေးလိုက်တာလို့ပြောပါတယ်။ ထောင်ထဲမှာ တုန်းက မလွှတ်ခင်သူတို့ကို ဖတ်ပြတာကို ကြားရတာကို သူကပြန်ပြောတာပါ ။ အမိန့်စာတွေပေးတာဘာညာမရှိပါဘူး။ဒီတိုင်းဖတ်ပြပြီး လွှတ်ပေးလိုက်တာပါ။မနေ့က ကျွန်တော်ကိုယ်တိုင်သွား ခေါ်လာတာပါ။ကျန်တဲ့အခြေအနေတွေကိုတော့ ကျွန်တော်မသိပါဘူး။ ကိုသက်နှင်းအောင်တို့လည်းပါတယ်။မသက်ထားဆွေပါတယ်။နောက်ထပ်တယောက်ပါသေးတယ်။လွှတ်ပေးတာသတင်းအမှန်ပါပဲ ။သမီးကတော့ ပါမလာသေးဘူး။သမီးနဲ့အတူအကုန်လုံးမပါသေးဘူး။ " လို့ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးရဲ့ အမျိုးသားဖြစ်သူ ဦးအောင်လွင်လတ်က ပြောပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ပြန်လွှတ်ပေးလိုက်ပေမယ့် သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကျန်တဲ့STUM အဖွဲ့ဝင် ကိုးယောက်ကိုတော့ ဆက်လက်ချုပ်နှောင်ဖမ်းဆီးထားဆဲဖြစ်ကြောင်း တယ်လို့ STUM မှအသိပေးထားပါတယ်။

ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့ သမီးဖြစ်သူ မခြူးသွယ်အပါ STUM အဖွဲ့ဝင်တွေကိုတော့ လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့မှာရုံးချိန်း တရားရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီကျမှသာ အခြေအနေသိရမှာဖြစ်တယ် လို့ သိရပါတယ်။
ဒေါ်မျိုးမျိုးအေးကိုတော့ ဇူလိုင် ၂၅ ရက်နေ့ညပိုင်းမှာ ရွှေပြည်သာရှိ နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာ​ဖြစ်ပြီး အဲဒီနောက်မှာ မခြူးသွယ်အပါအဝင် STUM အဖွဲ့ဝင်တွေကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့နဲ့ သီးခြားစီ အမှုစွဲဆိုခဲ့တဲ့အပြင် အသင်းအဖွဲ့မှတ်
ပုံတင်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ လည်း တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ကိုသက်နှင်းအောင်ကတော့ ၂၀၂၁ ခုနှစ် ဇွန်လမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်အချမှတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ခုလို အလုပ်သမားရေးလှုပ်ရှားသူတွေပြန်လွတ်လာတဲ့အပေါ် " ကိုသက်နှင်းအောင်ရော အန်တီမျိုးရော ပြန်လွတ်လာတာ တကယ်ဝမ်းသာစရာကိစ္စပါ။နောက်ထပ်လည်း အလုပ်သမားရေးလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးစေချင်ပါတယ်။ပြန်လွတ်လာတာနဲ့ပတ်သက်လို့ STUM ကတင်ထားသလောက်ပဲသိရသေးတယ်။အသေးစိတ်မသိရသေးဘူး။ " လို့ ပြောပါတယ်။
ဒေါ်မျိုးအေးအေးကတော့ ဖမ်းဆီးခံရပြီး သုံးလအကြာမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး ကိုသက်နှင်းအောင်ကတော့ ဖမ်းဆီးထောင်ချခံရပြီး လေးနှစ်ကျော်အကြာမှာ လွတ်မြောက်လာတာပဲဖြစ်ပါတယ်။

image