အလည်လာတဲ့ နောက်ထပ် ဧည့်သည် သို့ Comet C/2025 A6 (Lemmon)
ပြီးခဲ့တဲ့ အောက်တိုဘာလ အစပိုင်းမှာ ကျွန်တော်တို့တွေ ဆီကို ချဉ်းကပ်လာတဲ့ ကြယ်တံခွန် တစ်ခုဖြစ်တဲ့ Comet C/2025 R2 (SWAN) အကြောင်းကိုတင်ပြပေးခဲ့ပါတယ်။
အခုတစ်ခါမှာတော့ နက္ခတ်တာရာလေ့လာစရာအဖြစ် ကျွန်တော်တို့ ကမ္ဘာမြေကို ချဉ်းကပ်လာနေတဲ့ ကြယ်တံခွန်နောက်တစ်ခုဖြစ်တဲ့ Comet C/2025 A6 လို့နာမည်ပေးထားတဲ့ ကြယ်တံခွန်တစ်စင်းအကြောင်း ကို ပြောပြပေးချင်ပါတယ်။ သူကိုတော့ (Comet Lemmon) လို့လည်း လူသိများပါတယ်။
ကြယ်တံခွန်ဆိုတာ နေအဖွဲ့အစည်းစတင်ဖြစ်ပေါ်စဉ်က နေအဖွဲ့အစည်းနဲ့ အတူတူတည်ရှိဖူးခဲ့ပြီး ဂြိုဟ်အဖြစ်ကို မရောက်ခဲ့နိုင်၊ မပေါင်းစပ်နိုင်ခဲ့တဲ့ သေးငယ်တဲ့ အရွယ်အစားရှိကြပြီး ရေခဲနဲ့ ဖုန်မှုန့်တွေအတူတူရောစပ်တည်ရှိနေတဲ့ အစိုင်အခဲလေးများ ဖြစ်ပါတယ်။ နေကို အကွာအဝေးတစ်ခုနဲ့ လှည့်ပတ်နေကြပြီး တော့ ကမ္ဘာနဲ့ သူတို့နဲ့ ပတ်လမ်းနှစ်ခုနီးသွားတဲ့အခါမျိုးမှာ သူတို့ကို မြင်ရတတ်ပါတယ်။
ကြယ်တံခွန်တွေဟာ နေနဲ့ ဝေးကွာနေချိန်မှာ သာမန် ရေခဲတုံးလေးတွေလို ဖြစ်နေပေမယ့် နေနဲ့ နီးလာတဲ့အခါ နေရဲ့အပူကြောင့် သူတို့ရဲ့ မျက်နှာပြင်ပေါ်က ရေခဲတွေဟာ ဓာတ်ငွေ့တွေအဖြစ် တိုက်ရိုက်ပြောင်းလဲပြီး ဖုန်မှုန့်တွေနဲ့ ရောနှောကာ ကြီးမားပြီး တောက်ပတဲ့ ခေါင်းပိုင်း (coma) နဲ့ အမြီး (tail) တွေ ဖြစ်ပေါ်လာစေပါတယ်။ Comet Lemmon ရဲ့ ဦးခေါင်းပိုင်းမှာပါဝင်တဲ့ (dicarbon) ဓာတ်ငွေ့ကြောင့် စိမ်းပြာရောင် သန်းနေတာကို တွေ့ရနိုင်ပါတယ်။
ဒီကြယ်တံခွန်ကိုတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ မှာ David C. Fuls ဆိုသူ နက္ခတ္တသိပ္ပံပညာရှင်က Mount Lemmon Survey အတွက် အချက်အလက်ယူနေစဉ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ဒါကြောင့် သူ့ကို နောက်နာမည်တစ်မျိူး Comet lemmon လို့လည်းခေါ်ပါတယ်။
ကနဦးတွက်ချက်မှုတွေအရ ဒီကြယ်တံခွန်ဟာ နေကို တစ်ပတ်ပတ်ဖို့အတွက် နှစ်ပေါင်း ၁,၃၅၀ ခန့် ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် ဒါဟာ သူဟာလည်း Comet Swan လိုပဲ "တစ်သက်မှာ တစ်ခါသာ" မြင်ရနိုင်တဲ့ ဧည့်သည်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။
သူရဲ့စတင်တဲ့ အမှတ် point of origin ကတော့ နေအဖွဲ့အစည်းပြင်ပက Oort cloud လို့ခေါ်တဲ့ ဥက္ကာခဲနဲ့ ကြယ်တံခွန်အပိုင်းအစတွေ တည်ရှိနေတဲ့ နေရာတစ်ခုကနေ လာတာပါ။ ဒီ Oort cloud က နေအဖွဲ့အစည်းမဖြစ်ခင်က ဂြိုဟ်အဖွဲ့အစည်းဖြစ်တည်ဖို့ ပေါင်းစပ်ရာမှာ ဂြိုဟ်မဖြစ်ပဲ ကျန်နေတဲ့ အကြွင်းအကျန်ဟောင်း နေရာတွေဖြစ်ပါတယ်။ဒီနေရာက ဥက္ကာခဲတွေနဲ့ ကြယ်တံခွန်တွေက နေရဲ့ ဒြပ်ဆွဲအားကြောင့် ကျွန်တော့်တို့ ကမ္ဘာအနားက နေ ဖြတ်သန်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ကြယ်တံခွန်မလို့ ကမ္ဘာအတွက် အန္တရာယ် မရှိပါဘူး။
(အခုတစ်ကြိမ် နေအနားကို ချဉ်းကပ်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ နေကို ပတ်နေတဲ့ လမ်းကြောင်းဟာ နှစ်ပေါင်း ၁၁၅၀ လောက်ပဲဖြစ်သွားမယ်လို့ တွက်ချက်ထားတာတွေလည်းရှိပါတယ်။)
ကြယ်တံခွန်ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ဝန်းကျင်မှာ ကမ္ဘာနဲ့ အနီးဆုံးကို ချဉ်းကပ်ပါမယ်။ အဲဒီအချိန်မှာ ကမ္ဘာနဲ့သူရဲ့အကွာအဝေးဟာ 0.6 AU (ကီလိုမီတာ ၈၉ သန်းခန့်) အကွာကနေ ဖြတ်သန်းသွားမယ်လို့ လေ့လာမှုတွေက တဆင့်သိရပါတယ်။
ဒီအချိန်မှာ ကိုယ်က မြို့ပြအလင်းရောင်နဲ့ ဝေးတဲ့နေရာတွေမယ်ရောက်နေရင် သာမန်မျက်စိဖြင့် တိုက်ရိုက် မြင်တွေ့နိုင်မယ်လို့ခန့်မှန်းရပါတယ်။တယ်လီစကုတ်သုံးပြီးလေ့လာမယ်ဆိုလည်း ပိုကောင်းပါတယ်။
ဒီကြယ်တံခွန်ကို လေ့လာချင်တယ်ဆိုရင်တော့ အောက်တိုဘာလ နောက်ပိုင်းတွင် နေမထွက်မီ အရှေ့မြောက်ဘက် ကောင်းကင် နဲ့ နေဝင်ပြီးနောက် အနောက်မြောက်ဘက် ကောင်းကင်ကို ရှာဖွေကြည့်ရှုရမှာ ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ကနေ လကုန် ၂၈ ရက်နေ့အထိ ဒီ ကြယ်တံခွန်ဖြစ်တဲ့ Comet lemmon ကို အကောင်းဆုံးတွေ့မြင်နိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
Happy comet hunting
~MASES / Soe pyae htat