ဒီယေဂိုဆီမြွန်နီအတွက် လုံခြုံရေး တိုးမြှင့်ပေးလာမှာ မဟုတ်တဲ့ အာဆင်နယ်
==================

အာဆင်နယ်ဟာ ယနေ့ည အမ်းမရိတ်ကွင်း ချန်ပီယံလိဂ်ပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီအတွက် အထူးလုံခြုံရေးလုပ်ဆောင်ပေးလာမှာ မဟုတ်ပါဘူး။

အက်သလက်တီကိုမက်ဒရစ်နည်းပြဟာ စက်တင်ဘာလတုန်းက အန်ဖီးလ်တွင် လီဗာပူးအား ၃-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် လီဗာပူးပရိသတ်များနှင့် ပြဿနာတက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ လီဗာပူးပရိသတ်များနှင့် အချင်းများမှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပြီးခဲ့တဲ့လတုန်းက ဖရန့်ဖတ်အား ၅-၁ ဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကြီးကြပ်ခွင့် မရရှိခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာမှုနှင့်အတူ ယနေ့ည အာဆင်နယ်နှင့်ပွဲစဉ်တွင် အသင်းကို ပြန်လည်ကြီးကြပ်လာပါမယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းတာဝန်ရှိသူများက အာဆင်နယ်ပရိသတ်များမှာ လီဗာပူးပရိသတ်များကဲ့သို့ ပြုမူလာမှာ မဟုတ်ဘူးလို့ ယုံကြည်နေမှုနှင့်အတူ ဆီမြွန်နီအတွက် လုံခြုံရေး လုပ်ဆောင်ပေးလာမှာ မဟုတ်ပါဘူး။

ဒါ့အပြင် အမ်းမရိတ်ကွင်း အဝေးကွင်းအသင်းနည်းပြအဖွဲ့နေရာမှာ အိမ်ရှင်ပရိသတ်များနှင့်အဝေးတွင် ရှိရာ ပြဿနာဖြစ်လာနိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး။

တကယ်လို့များ ပွဲအတွင်း ပြဿနာ ဖြစ်လာပါကလည်း ကွင်းလုံခြုံရေးများအနေဖြင့် ကိုင်တွယ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

image