1 ပတ် - ဘာသာပြန်ပါ။

မြေးများအတွက် အပြုအမူကို ပြောင်းလဲလာမယ့် ဟန်ဆီဖလစ်
====================

ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က စနေနေ့တုန်းက ဂီရိုနာနှင့်ပွဲစဉ်မှ အနီကတ်ပြသခံရတဲ့ အဖြစ်အပျက်မျိုးအား သူ့မြေးများကို မမြင်တွေ့စေလိုကြောင်း ပြောကြားလာပါတယ်။

အသက် ၆၀ နှစ်ရှိ နည်းပြဟာ စနေနေ့ည ပွဲစဉ်တုန်းက အချိန်ပို ၄ မိနစ်သာ ပေးမှုအတွက် စတုတ္ထဒိုင်လူကြီးအား ရွဲ့စောင်းလက်ခုပ်တီးမှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ယင်းနောက် လူစားဝင်ရောက်လာတဲ့ ရော်နယ်အရူဂျိုက ဘာစီလိုနာအတွက် နောက်ကျအနိုင်ဂိုး သွင်းလာချိန်တွင် အောင်ပွဲခံရာမှာ ပါဝင်မှုအတွက် ဟန်ဆီဖလစ်ဟာ နောက်ထပ် အဝါကတ်ပြသခြင်းခံရကာ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ပါတယ်။
ဟန်ဆီဖလစ်က "ရုပ်သံမှာ ဒီလိုမျိုး ကိုယ့်ကိုယ်ကို မြင်ရတာ သဘောမကျဘူး။ ကျွန်တော့်မြေးတွေကိုလည်း သူတို့အဘိုး ဒီလိုလုပ်နေတာ မမြင်စေချင်ပါဘူး။ ကျွန်တော့်အပြုအမူတွေကို လုံးဝ ပြောင်းရမယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ဟန်ဆီဖလစ်က ဘာစီလိုနာကြောင့် သူ့အပြုအမူများ ပြောင်းလဲလာခဲ့ခြင်း ဖြစ်ကြောင်းလည်း ဝန်ခံပြောဆိုသွားပါတယ်။

ဖလစ်ကိုင်တွယ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၀ ခုနှစ်တုန်းက နှစ်ပေါင်း ၅၀ ကျော်အတွင်း ဘာစီလိုနာကို ၈ ဂိုးသွင်းတဲ့ ပထမဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

ဟန်ဆီဖလစ်က "ဘိုင်ယန်ကို ကိုင်တွယ်တုန်းက ဘာစီလိုနာနဲ့ပွဲက ဗီဒီယိုမှာ ကျွန်တော်က ပထမ၊ ဒုတိယနဲ့ ရှစ်ဂိုးတိုင်းအတွက် တုံ့ပြန်မှုက အတူတူပဲ။ လူတွေက ကျွန်တော် ဘယ်တုန်းကမှ မပြုံးဘူးလို့ ပြောကြတယ်။ အခု ကျွန်တော်ဟာ ခံစားချက်ကို ပိုပြလာတယ်။ ဒီကလပ်က ကျွန်တော့်ကို ပြောင်းလဲလိုက်တာ အမှန်ပါ။ ကိုယ့်လှုံ့ဆော်မှုကို ပို ထိန်းချုပ်သင့်တယ်။ ဒါပေမယ့် ဘာကာ၊ ဘာစီလိုနာနဲ့ ဒီက လူတွေကို ချစ်တယ်။ ဒါကြောင့်လည်း ကိုယ်စွမ်းရှိသမျှ အမြဲပေးနေတာ"လို့ ပြောကြားသွားပါတယ်။

image