1 ပတ် - ဘာသာပြန်ပါ။

လားရှိုး - မန္တလေး လမ်းမကြီး လမ်းပွင့်သွားတာကြောင့် အချိန် ထက်ဝက်မက သက်သာပေမယ့် လမ်းကြေးများ​နေ

​​အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ လားရှိုး - သီပေါ - မန္တလေး ပြည်ထောင်စု လမ်းမကြီး လမ်းပွင့်သွားတာကြောင့် အချိန် ထက်ဝက်မက သက်သာပေမယ့် လမ်းကြေး ကုန်ကျမှုများကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“လမ်းမကြီး ပွင့်သွားတာ့ သွားလာရကောင်းသွားပြီ။ လားရှိုးကနေ မနက် ၅ နာရီလောက် ထွက်လာရင် မန္တလေးကို ညနေ ၃ နာရီမထိုးခင်ရောက်တယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

လမ်းမှာ အေးအေးဆေးဆေး နားနားနေနေ သွားရင်တောင် လားရှိုးနဲ့ မန္တလေး နေ့ချင်းပေါက် ရောက်နိုင်ပြီလို့ သူက ပြောပါတယ်။

“သီပေါ ကနေ မန္တလေးကို ပတ်သွားရလို့ ရှိရင် မ်းကြောင်း နှစ်မျိုးရှိတယ်။ လမ်းကောင်းနေမယ်ဆိုရင် ကားသေးနဲ့ ခရီးသွားချိန်က အနည်းဆုံး ၁၄ နာရီ ဝန်းကျင် အကျော်မှာ မောင်းရတယ်။ ပုံမှန် လမ်းမကြီး ဆိုရင်တော့ သီပေါ - မန္တလေး ကို ၄ နာရီခွဲ အများဆုံးပဲ။” လို့ သီပေါဒေသခံ ယာဉ်မောင်း တယောက်က ပြောပါတယ်။

ပတ်ပြီး သွားရရင်တော့ ဆီကုန်၊ အချိန်ကုန် ပေမယ့် လမ်းကြေးသက် သက်သာပြီး လမ်းမကြီးအတိုင်း သွားရရင်တော့ အချိန်ကုန်၊ ဆီကုန် သက်သာပေမယ့် လမ်းကြေးက ပိုများတယ်လို့ သူက ပြောပါတယ်။

ကားလေးတွေ ဂိတ် တဂိတ်ကို ပျမ်းမျှ တသောင်းခွဲ ဝန်းကျင် ပေးဆောင်ရပြီး ကျောက်မဲနဲ့ မန္တလေး ကြား ဂိတ် ၂၃ ဂိတ်ကို လမ်းကြေး သုံးသိန်းခွဲ ဝန်းကျင်၊ ကျောက်မဲနဲ့ သီပေါကြား လေးဂိတ်ကို ခြောက်သောင်း ဝန်းကျင်၊ သီပေါနဲ့ လားရှိုးကြား MNDAA နယ်မြေမှာ နှစ်ဂိတ်ကို တသောင်း နဲ့ လားရှိုးအဝင် တဂိတ်ကို တသောင်းပေးရကာ စုစုပေါင်း ဆီဖိုးမပါပဲ လမ်းကြေးတင် လေးသိန်းကျော် ကုန်ကျတယ်လို့ ဆိုပါတယ်။

သီပေါမြို့ကို အစိုးရတပ်ဖွဲ့ ပြန်လည် သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ နေ့ကစ လားရှိုး - သီပေါ - မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်သွားပြီး ကုန်တင်တွဲကားတွေကလွဲပြီး ကား​လေးတွေ ပုံမှန် ပြန်လည် သွားလာနိုင်တာဖြစ်ပါတယ်။

image