#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ရုရှားရေနံများ ဆက်ဝယ်ပါက အခွန်ဆက်ကောက်မည်ဟု အိန္ဒိယကို ဒေါ်နယ်ထရန့် သတိပေး
အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားရေနံများ ဝယ်ယူမှုကို ရပ်ဆိုင်းပေးမည်ဟူ၍အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မိမိကို ကတိပေးထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၉ ရက်တွင် ထပ်မံပြောကြားလိုက်သည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားရေနံများဝယ်ယူမှုကိုရပ်တန့်ခြင်းမရှိပါက အိန္ဒိယ ထုတ်ကုန်များအပေါ် ကြီးလေးသည့် အခွန်စည်းကြပ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကသတိပေးခဲ့သည်။
ရုရှားရေနံများ ဝယ်ယူမှုပြဿနာသည် အမေရိကန်ပြည်ထောင်စုနှင့်အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။
အမေရိကန်အစိုးရသည် ရုရှားရေနံများဝယ်ယူနေမှုအတွက် အိန္ဒိယကိုအရေးယူအပြစ်ပေးသည့်အနေဖြင့် အိန္ဒိယထုတ်ကုန်များအပေါ် ၅၀ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ထားသည်။
အနောက်အုပ်စုနိုင်ငံများက ယူကရိန်းစစ်ပွဲကို အကြောင်းပြု၍ ရုရှားရေနံများ ဝယ်ယူမှုကို ကန့်သတ်ခဲ့ပြီး ရုရှားအစိုးရအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် ရုရှားရေနံများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် အများဆုံးဝယ်ယူတင်သွင်းနေသည့် နိုင်ငံဖြစ်လာခဲ့သည်။
ရုရှားနိုင်ငံ၏ ရေနံကုန်သွယ်ရေးဝင်ငွေများသည် ယူကရိန်းစစ်ပွဲကို ရုရှားဆက်တိုက်နိုင်ရေးအတွက် ဘဏ္ဍာငွေများ ဖြည့်ဆည်းပေးနေကြောင်း အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုန်ိုင်ငံများက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ