လာလီဂါပွဲအား မိုင်ယာမီတွင် ကစားမှုကို ဆန့်ကျင်သပိတ်မှောက်မှု ဆက်လက်ပြုလုပ်လာတဲ့လာလီဂါ
=====================

စနေနေ့ည လာလီဂါပွဲစဉ်များတွင် ကစားသမားများဟာ လာလီဂါပွဲစဉ်အား မိုင်ယာမီတွင် ကစားရန် ဆုံးဖြတ်ခဲ့မှုကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေဖြင့် ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ ဆက်လက် သပိတ်မှောက်လာကြပါတဘ်။

ထိပ်သီးကလပ်များဖြစ်ကြတဲ့ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ရဲ့ ဂီရိုနာနှင့် အိုဆာဆူနာပွဲစဉ်များတွင်ပင် ယင်းလှုပ်ရှားမှုကို ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။

ပွဲအစ စက္ကန့် ၁၅ အား မလှုပ်ရှားဘဲ သပိတ်မှောက်မှုကို သောကြာနေ့ည အိုဗီဒိုနှင့် အက်စ်ပန်ညိုပွဲစဉ်တွင် စတင် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းသပိတ်မှောက်မှုအား ဆီဗီလာနှင့် မာယော့ကာပွဲ၊ ဗီလာရီးရဲလ်နှင့် ဘက်တစ်ပွဲတို့တွင်လည်း ဆက်လက် ပြုလုပ်ခဲ့ပါတယ်။
အိုဗီဒိုနှင့် အက်စ်ပန်ညိုပွဲစဉ်တွင် ကစားသမားများရဲ့ သပိတ်မှောက်မှုကို ရုပ်သံကုမ္ပဏီက ဆင်ဆာဖြတ်ပြီး ထုတ်လွှင့်ခဲ့ပါတယ်။
ဒါပေမယ့် စနေနေ့ညပွဲစဉ်များမှာတော့ ရုပ်သံက ကင်မရာဟာ ကစားသမားများကို မြင်ကွင်းကျယ်ဖြင့် မပြသဘဲ အပေါ်စီးမှ ကွင်းလယ်စက်ဝိုင်းကို ရိုက်ကူးထုတ်လွှင့်မှုသာ ပြုလုပ်ခဲ့ပါတယ်။

ဩဂုတ်လတုန်းက စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်များအား မိုင်ယာမီရှိ Hard Rock Stadium တွင် ကစားရန် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကြောင့် စပိန်တွင် အငြင်းပွားစရာများ ဖြစ်လာနေပါတယ်။

စပိန်ဘောလုံးသမားများသမဂ္ဂဟာ လာလီဂါကလပ်များမှ အသင်းခေါင်းဆောင်များနှင့် ပူးပေါင်းကာ ပြည်တွင်းလိဂ်ပွဲအား နိုင်ငံခြားတွင် ကစားရန် တကိုယ်ရေတကာယဆုံးဖြတ်ခဲ့မှုအပေါ် ဆန့်ကျင်တဲ့အနေဖြင့် လာလီဂါပွဲစဉ်များရဲ့ ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ ဆန္ဒပြရန် နှိုးဆော်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့မှ ကစားသမားတို့ဟာ ယင်းဆန္ဒပြမှုတွင် ပါဝင်ရန် တောင်းဆိုခြင်း မခံခဲ့ရပေမယ့်လည်း ယင်းဆန္ဒပြမှုတွင် ကူညီပေးခဲ့ကြပါတယ်။

ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ ဆန့်ကျင်သပိတ်မှောက်မှုကို ယနေ့ည လာလီဂါပွဲစဉ်များတွင်လည်း ဆက်လက်လှုပ်ရှားလာပါဦးမယ်။

ယနေ့ည ရီးရဲလ်မက်ဒရစ်နှင့် ဂီတာဖေးပွဲစဉ်တွင်လည်း ပွဲအစ ၁၅ စက္ကန့်အား မလှုပ်ရှားဘဲ သပိတ်မှောက်လာပါဦးမယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြည်တွင်းလာလီဂါပွဲကို ပြည်ပတွင် ကစားမှုအား ထိပ်ဆုံးမှ ဆန့်ကျင်တဲ့အသင်းလည်း ဖြစ်ပါတယ်။

image