ကစားသမားဟောင်းပွဲတွင် နံရိုး ၃ ချောင်းကျိုးကာ ဆေးရုံတက်ခဲ့ရတဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဒီယေဂိုဖော်လန်
=====================
ယူနိုက်တက်တိုက်စစ်မှူးဟောင်းဒီယေဂိုဖော်လန်ဟာ ကစားသမားဟောင်းများ ကစားတဲ့ ပွဲတစ်ပွဲတွင် နံရိုးသုံးချောင်းကျိုးကာ ဆေးရုံတက်ရောက်ကုသနေရပါတယ်။
အသက် ၄၆ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူးဟောင်းဟာ စနေနေ့တုန်းက ဥရုဂွေးတွင် ကျင်းပတဲ့ အသက် ၄၀ နှစ်အထက် ကစားသမားများ ပါဝင်ကစားတဲ့ Liga Universitaria ပွဲတွင် ပြိုင်ဘက်ကစားသမားတစ်ဦးနှင့် လဲကျပြီးနောက် နံရိုးသုံးချောင်းကျိုးခဲ့တာလည်း ဖြစ်ပါတယ်။
ဖော်လန်ဟာ နံရိုး ၃ ချောင်းကျိုးဒဏ်ရာရှရိခဲ့ပေမယ့်လည်း ပြိုင်ဘက်ကစားသမားက သူ့ကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ဆိုသွားပါတယ်။
ဖော်လန်အခြေအနေမှာ စိုးရိမ်စရာ မရှိပေမယ့်လည်း အင်္ဂါနေ့တွင်မှ ဆေးရုံမှ ဆင်းခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
ဖော်လန်ဟာ အာဂျင်တီးနားကလပ် အင်ဒီပန့်ဒီးယန့်အတွက် ဂိုး ၄၀ သွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ယူနိုက်တက်သို့ ပေါင် ၇ သန်းဖြင့် ပြောင်းခွင့်ရခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်တွင် ကစားတဲ့ ပထမဆုံး ၆ လတွင် ဂိုးတစ်ဂိုးမျှ မသွင်းယူနိုင်ခဲ့သလို ယူနိုက်တက်တွင် ကစားတဲ့ ၃ ရာသီအတွင်း ၁၇ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ယူနိုက်တက်မှ ထွက်ခွာပြီး ဗီလာရီးရဲလ်သို့ ရောက်ချိန်မှာတော့ ထိပ်တန်းခြေစွမ်းပြသပြီး အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦး ဖြစ်လာပါတယ်။
သူဟာ ဗီလာရီးရဲလ်ပထမဆုံးရာသီတွင် ၂၅ ဂိုးသွင်းနိုင်ခဲ့သလို စုစုပေါင်း ၅၉ ဂိုးသွင်းခဲ့ကာ ဥရောပရွှေဖိနပ်ဆုပါ ရယူနိုင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် အက်သလက်တီကိုသို့ ပြောင်းခဲ့ပါတယ်။
သူဟာ အက်သလက်တီကိုတွင် ၉၆ ဂိုးသွင်းခဲ့ကာ ယူရိုပါလိဂ်ဖလား ရခဲ့သလို ရွှေဖိနပ်ဆုလည်း ထပ်မံ ရယူနိုင်ခဲ့ပါတယ်။
သူဟာ အင်တာမီလန်သို့ ပြောင်းခဲ့ရာမှာတော့ ၂ ဂိုးတည်းသာသွင်းနိုင်ခဲ့ပြီး ဘရာဇီး၊ ဂျပန်၊ အိန္ဒိယ၊ ဟောင်ကောင်တို့တွင် သွားရောက်ကစားခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ဥရုဂွေးအတွက် ၁၁၂ ပွဲကစားခဲ့ရာမှာ ၃၆ ဂိုးသွင်းနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဖိနပ်ဆုပါ ရယူနိုင်ခဲ့ပါတယ်။