လားရှိုးမှာ ကားစမ်းမောင်းမယ်ဆိုပြီး လိမ် မောင်းပြေးသွားတဲ့ ကားသူခိုး မူဆယ်မှာ ဖမ်းမိထား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှာ အောက်တိုဘာလ ၁၈ ရက်နေ့က ကားစမ်းမောင်းမယ်ဆိုပြီး လိမ်မောင်းပြေးသွားတဲ့ ကားသူခိုးကို မူဆယ်မှာ ဖမ်းမိထား​ကြောင်း ‌ဒေသခံတွေဆီက သိရပါတယ်။

"လားရှိုး ကနေ ခိုးသွားပြီး ဒီနေ့ မူဆယ်မှာ သွားရောင်းတာ။ ဝယ်တဲ့သူက ကျနော်တို့ကားမှန်းသိလို့ အကြောင်းကြားပေးတာ။" လို့ ကားပိုင်ရှင်နဲ့ နီးစပ်သူက ပြောပါတယ်။

မူဆယ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်က ပြည်သူ့စစ်တွေက ဖမ်းပေးတာလို့ သူက ပြောပါတယ်။
ကားမောင်းစမ်းမယ်ဆိုပြီး မောင်းပြေးတာတွေက မကြာခဏ ဖြစ်နေပြီး လူကိုယ်တိုင် လိုက်သွားဖို့တောင် တယောက်တည်းဆိုရင် အန္တရာယ်များတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာလည်း လားရှိုး ရပ်ကွက် ၇ လုံလော့ဈေးနားမှာ Wish ကားတစီးကို ကားတွေနဲ့ လာရောက် လုယက်သွားတဲ့ ဖြစ်စဥ် ရှိခဲ့ပါ​သေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာလည်း လားရှိုး ရပ်ကွက် ၅ က နေအိမ်တအိမ်ရှေ့ လမ်းမပေါ် ရပ်ထားတဲ့ ကားတစီးကို ဆိုင်ကယ်စီးလာသူ နှစ်ယောက်က လာရောက် လုယက်သွားခဲ့ပါသေးတယ်။

image