စည်းကမ်းချိုးဖောက်တဲ့ ယာမဲလ်ကို အရန်ခုံသို့ ပို့ပြီး အရေးယူလိုခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ဘာစီလိုနာနည်းပြဟန်ဆီဖလစ် တုံ့ပြန်လာ
=======================
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က စည်းကမ်းချိုးဖောက်တဲ့ လာမိန်းယာမဲလ်အား ပွဲထွက်လူစာရင်းမှ ဖယ်ရှားကာ အရန်ခုံသို့ ပို့ပြီး အရေးယူမှု ပြုလုပ်လိုခဲ့တယ်လို့ မီဒီယာများက ဖော်ပြလာမှုမှာ သတင်းအမှားသာ ဖြစ်ကြောင်း ရှင်းလင်းလာပါတယ်။
စည်းကမ်းကြီးတဲ့ နည်းပြအဖြစ် နာမည်ကြီးတဲ့ ဟန်ဆီဖလစ်ဟာ အသင်းရဲ့ တွေ့ဆုံပွဲသို့ နောက်ကျပြီးမှ ရောက်လာတဲ့ လာမိန်းယာမဲလ်အား ပီအက်စ်ဂျီနှင့်ပွဲတွင် အရန်ခုံသို့ ပို့ကာ အရေးယူရန် စီစဉ်ခဲ့ပေမယ့် အားကစားဒါရိုက်တာဒေကို ကြားဝင်ဖျောင်းဖျပေးမှုကြောင့် နောက်ဆုတ်ခဲ့ရကြောင်း Cadena SER က ဖော်ပြသွားခဲ့ပါတယ်။
ဟန်ဆီဖလစ်ဟာ ယခင်တုန်းက အသင်းတွေ့ဆုံပွဲသို့ နောက်ကျပြီးမှ ရောက်လာတဲ့ ရာဖင်ညာ၊ အိုင်နီကာမာတီနက်ဇ်၊ ဂျူးစ်ခွန်ဒီတို့အား အရန်ခုံသို့ ပို့ကာ အရေးယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ယနေ့ည ဂီရိုနာနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ယင်းသတင်းနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်မှာတော့ ဖလစ်က "ဒီသတင်း ဘယ်ကထွက်လာလဲ သိချင်တယ်။ ဒီကလပ်နဲ့ပတ်သက်ပြီး ကျေနပ်တယ်။ ဒီယေလည်း ဒီအတိုင်းပဲ။ ကျွန်တော့်တို့ အလုပ်အပေါ် ယုံကြည်ပေးတယ်။ ဒီလိုလုပ်ဖို့လည်း တခါမှ မပြောဖူးပါဘူး။ ဒါက မမှန်ပါဘူး။ ကျွန်တော့်မှာ ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ တယောက်ယောက် ဒီအကြောင်းပြောလာရင် အလိမ်အညာတွေပါ"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ဟန်ဆီဖလစ်က လာမိန်းယာမဲလ်ရဲ့ ကိုယ်ပိုင်လူနေမှုဘဝနှင့်ပတ်သက်ပြီး တစုံတရာ ဝင်ရောက်စွက်ဖက် ပြောဆိုလိုခြင်း မရှိကြောင်းလည်း ဆိုသွားပါတယ်။
တဖက်တွင် ဘာစီလိုနာအသင်းတာဝန်ရှိသူများဟာ ယခင်တုန်းက လေ့ကျင့်ရေးကွင်းသို့ အစောဆုံး ရောက်တတ်တဲ့ လာမိန်းယာမဲလ်မှာ နောက်ပိုင်းလများတွင် အပြုအမူ ပြောင်းလဲလာမှုနှင့်အတူ စိုးရိမ်ကာ လူနေမှုဘဝ အခြေအနေအား အထူးသတိထား စောင့်ကြည့်နေကြပါတယ်။
အသက် ၁၈ နှစ် အရွယ်ရှိ လာမိန်းယာမဲလ်ဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် လာလီဂါပွဲ ၄ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းပြီး ၄ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။
လက်ရှိအချိန်တွင် သူဟာ ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရပြီး လာမယ့်အပတ် ရီးရဲလ်မက်ဒရစ်နှင့်ပွဲစဉ်တွင် ပြန်လည် ကစားလာနိုင်ဖို့ ရှိနေပါတယ်။
