စထရာဘော့ကို နောက်ကလိုက်ကစားပြီး သရေကျအောင် မနည်းကစားခဲ့ရတဲ့ ပီအက်စ်ဂျီ
==================
ဥရောပချန်ပီယံ ပီအက်စ်ဂျီဟာ စထရာဘော့ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ အနေအထားကနေ နောက်ကနေ ချေပဂိုးတွေ လိုက်သွင်းပြီး ၃ ဂိုးစီသရေကျအောင် မနည်းကြိုးစားကစားခဲ့ရပါတယ်။ ပီအက်စ်ဂျီဟာ စထရာဘော့နှင့် သရေကျခဲ့ပေမယ့်လည်း လီဂူး ၁ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေတုန်း ဖြစ်ပါတယ်။
အိမ်ရှင် ပီအက်စ်ဂျီဟာ ပွဲအစ ၆ မိနစ်မှာပင် ဒီဇိုင်းယားဒူဝေရဲ့ ဖြတ်တင်ဘောကနေ ဘရက်ဒလေဘာကိုလာရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒူဝေရဲ့ အစ်ကိုဂူလာက ပါနီချယ်လီရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ပြီး ပြန်လည်ချေပခဲ့သလို ဒီယေဂိုမိုရီရာက ထောင့်ကျဉ်းထဲသို့ ကန်သွင်းခဲ့လို့ စထရာဘော့တို့ ပထမပိုင်းမှာ ၂-၁ ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၄ မိနစ်မှာ ပါနီချယ်လီက မိုရီရာရဲ့ အဝေးပေးဘောကနေ တတိယဂိုးသွင်းခဲ့လို့ စထရာဘော့တို့ ၃-၁ ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ၅၉ မိနစ်မှာ ပင်ဒါက ဒူဝေကို ပြစ်ဒဏ်ဘောကျူးလွန်လို့ ပင်နယ်တီ ရရှိကာ သရေကျရေး မျှော်လင့်ချက် လင်းလက်လာခဲ့ပါတယ်။ ယင်းပင်နယ်တီကနေ ဂွန်ကာလိုရာမို့စ်က ချေပဂိုးစတင်သွင်းယူခဲ့ပါတယ်။
ယင်းနောက် ၇၉ မိနစ်မှာ မာယူလူက ခေါင်းတိုက်ပြီး ၃ ဂိုးစီသရေကျစေမယ့် ချေပဂိုးအား သွင်းယူခဲ့ပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ Ballon d'Or ဆုရှင် ဒမ်ဘီလီ မပါဝင်ခဲ့တဲ့ အိမ်ရှင် ပီအက်စ်ဂျီဟာ ခါဗီချာခဗရာရက်ခီလီယာ အပိုင်အခွင့်အရေး ဖြုန်းတီးမှုနှင့်အတူ နောက်ကျအနိုင်ဂိုး မရခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံး ၁၃ ရာသီမှာ ၁၁ ကြိမ် ချန်ပီယံဖြစ်ထားတဲ့ ပီအက်စ်ဂျီဟာ ယခုပွဲ သရေကျလို့ ဒုတိယနေရာမှ စထရာဘော့ကို တစ်မှတ်တည်းသာ ဖြတ်ထားလာနိုင်ပါတယ်။
စထရာဘော့ကို ချဲလ်ဆီးအသင်းပိုင်ရှင်တွေက ပိုင်ဆိုင်တာ ဖြစ်ပြီး ဒီအသင်းကို အင်္ဂလိပ်နည်းပြလီယမ်ရိုဆီနီယာကိုင်တွယ်နေသလို ချဲလ်ဆီးဘယ်နောက်ခံလူဟောင်းဘင်ချဲလ်ဝဲလ်နှင့် ဘရိုက်တန်နောက်ခံလူဟောင်းဂျူလီယိုအန်စီဆို ကစားနေတဲ့အသင်းပါ။
ပီအက်စ်ဂျီဟာ လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်အဖြစ် လေဗာကူဆင်အား ဂျာမနီသို့ သွားရောက် ရင်ဆိုင်ရပါမယ်။
