အမိုရမ်အား ထုတ်ပယ်လာပါက ယူနိုက်တက်နည်းပြဖြစ်လာရန် ထိပ်ဆုံးမှ လျာထားခံထားရတဲ့ မန်စီးတီးနည်းပြဟောင်း
=========================
သူက ပရီးမီးယားလိဂ်ဖလားတစ်လုံး ဆွတ်ခူးဖူးတဲ့ နည်းပြတစ်ဦးပါ။ မန်စီးတီးကို ၃ နှစ်ခွဲကြာ ကိုင်တွယ်ဖူးကာ မန်ချက်စတာဘောလုံးအကြောင်း ကောင်းကောင်းသိတဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရောဘတ်တိုမန်စီနီဟာ တကယ်လို့များ ယူနိုက်တက်ဘက်က အမိုရမ်ကို ထုတ်ပယ်လာမယ်ဆိုရင် နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ တကယ်တမ်း ထိပ်ဆုံးက လျာထားတဲ့သူ ဖြစ်လာနိုင်ပါလား?
အသက် ၆၀ နစ်ရှိ အီတလီလူမျိုးနည်းပြဟာ လွန်ခဲ့တဲ့တစ်နှစ်ခန့်တုန်းက ဆော်ဒီနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။
၎င်းက သူ့သူငယ်ချင်းတွေကို ယူနိုက်တက်သာ အပြောင်းအလဲ လုပ်လာရင် အိုးထရက်ဖို့ဒ်ကို ဦးဆောင်လာနိုင်တယ်လို့ ပြောဆိုလာပါတယ်။
ပြင်သစ်တောင်ပိုင်းမှာ အခြေစိုက်တဲ့ ဆာဂျမ်ဂျမ်ရက်ကလစ်ဖ်ဟာ အမိုရမ်ရဲ့ နည်းပြရာထူးကို အပြည့်အဝ ထောက်ခံအားပေးတုန်းပဲ ဆိုပေမယ့် လာမယ့်ကာလအတွင်း အပြောင်းအလဲ မဖြစ်လာဘူးဆိုရင် အပြောင်းမလဲ မလုပ်ဘူးလို့ ပြောလို့ မရပါဘူး။
တဖက်မှာ ရောဘတ်တိုမန်စီနီရဲ့ ကိုယ်ရေးရာဇဝင်ကို ကြည့်လိုက်ရင်လည်း အထင်ကြီးစရာ အပြည့်ပါ။ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ရခဲ့ဖူးသလို အီတလီနှင့်လည်း ယူရို ၂၀၂၂ ရခဲ့ပါတယ်။
သူဟာ မန်စီးတီးကို ဦးဆောင်စဉ်အတွင်း ၂၀၁၁ ခုနှစ်တုန်းက ၃၄ နှစ်အတွင်း ပထမဆုံးဆုဖလား ရရှိအောင် ဦးဆောင်ခဲ့ကာ ယခုတိုင် မန်စီးတီးပရိသတ်ချစ်ခြင်းမေတ္တာကို ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။
သူဟာ မန်စီးတီးကနေ ၂၀၁၃ ခုနှစ်မှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ သူဟာ မန်စီးတီးကို ၁၉၁ ပွဲ ကိုင်တွယ်ရာမှာ ၁၁၃ ပွဲ နိုင်ပွဲ ရယူပြီး ရှုံးပွဲ ၄၀ တည်းသာ ကြုံခဲ့ရပါတယ်။
သူဟာ ဂါလာတာစာရေး၊ အင်တာမီလန်၊ ဇင်းနစ်၊ အီတလီ၊ ဆော်ဒီတို့ကို ကိုင်တွယ်ဖူးပါတယ်။
တကယ်တော့ မန်စီနီတစ်ဦးတည်းသာ ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းစားသူ မဟုတ်ပါဘူး။
ဆောက်ဂိတ်နှင့် ပဲလေ့စ်နည်းပြဂလပ်စ်နာတို့လည်း ရေပန်းစားနေတာပါ။
ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ဆန်းဒါးလန်းကို အနိုင်ရခဲ့ပေမယ့် တနင်္ဂနွေနေ့ညမှာ ခါးသီးတဲ့ စမ်းသပ်ခံမှုအဖြစ် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးနှင့် ရင်ဆိုင်ရပါမယ်။
လတ်တလောမှာ အမိုရမ်အနေဖြင့် ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှု ရရှိနေမှုနှင့်အတူ အနာဂတ်အာမခံချက် ရှိနေပါတယ်။
ဒါပေမယ့် တကယ်လို့များ အန်ဖီးလ်မှာ ရှုံးပွဲ ကြုံလာမယ်ဆိုရင်တော့ အပြောင်းအလဲ တချို့ မြင်လာရနိုင်ပါတယ်။
ယူနိုက်တက်ရဲ့ ယခင်နည်းပြအပြောင်းအလဲ သမိုင်းကို ကြည့်လိုက်ရင် လီဗာပူးရှုံးပွဲနှင့်ပဲ အစပြုခဲ့တာ တွေ့ရပါမယ်။
ယူနိုက်တက်ဟာ ဒေးဗစ်မိုယက်စ်ကို လီဗာပူးအား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၃၇ ရက်အကြာမှာလည်းကောင်း၊ လူးဝစ်ဗန်ဂါးလ်ကို လီဗာပူးအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ၆၈ ရက်အကြာမှာလည်းကောင်း ထုတ်ပယ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ဟိုဆေးမော်ရင်ဟိုမှာ လီဗာပူးအား ၃-၁ ဖြင့် ရှုံးနိမ့်ပြီး ၂ ရက်အကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရသလို အိုလီဂန်းနားဆိုးလ်ရှားမှာလည်း လီဗာပူးကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ၂၈ ရက်အကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယာယီနည်းပြရေးဖ်ရန်းနစ်ခ်မှာ လီဗာပူးကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ရက် ၄၀ အကြာမှာ ထွက်ခွာခဲ့ရသလို အဲရစ်တန်ဟက်မှာလည်း လီဗာပူးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ၅၇ ရက်အကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒါကြောင့် ရူဘင်အမိုရမ်အတွက် တနင်္ဂနွေနေ့ညမှာ လီဗာပူးနှင့် ပွဲ ၁၀၀ မြောက် ရင်ဆိုင်ရတဲ့ပွဲမှာ ရလဒ်ကောင်း ရရှိရေးအလွန်အရေးကြီးနေပါတယ်။
