တိုက်ခန်း ရှစ်လွှာကနေ ပြုတ်ကျတဲ့ အသက် ၄ နှစ်ကလေးကို အသက်ရှင်ရက်ကယ်နိုင်ခဲ့
အောက်တိုဘာ ၁၈
ရန်ကုန်တိုင်း ၊ ပုဇွန်တောင်မြို့နယ် ၊ ရေကျော်လမ်းမပေါ်ရှိ တိုက်ခန်းရှစ်လွှာမှ ပြုတ်ကျခဲ့တဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို အချိန်ပိုင်းအတွင်းမှာ အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ည ၉ နာရီလောက် မှာ ကလေးငယ်ဟာ တိုက်ခန်းအတွင်း ဆော့ကစားရာကနေ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး တိုက်နှစ်တိုက်အကြား သုံးလွှာမှာညှပ်နေတာဖြစ်ကြောင်း ၊ ကလေးကို လူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်ဌာန ၊ရပ်ကွက်နေသူတွေက ပူးပေါင်း ကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
"ကျွန်တော်တို့ရောက်တော့ ကလေးက တိုက်နှစ်တိုက်အကြား သုံးလွှာမှာ ညှပ်နေတယ်။လုံခြုံရေးတွေကလည်း ကလေးကို ပြုတ်မကျအောင်အောက်ကနေထိန်းပေး ထားတာရှိတယ်။အသက်ရှင်ရက်ကယ်နိုင်ပါတယ်။ ကလေးကပြုတ်ကျတော့ လန့်နေတာမျိုးပဲရှိပါတယ်။"လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ကိုပူတူးနှင့်ဘော်ဒါများအဖွဲ့မှ ကိုပူတူးကပြောပါတယ်။
ကလေးငယ်က မိန်းကလေးဖြစ်ပြီး တိုက်ခန်းရှစ် လွှာမှပြုတ်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာကြီးကြီးမားရရှိတာမျိုးမရှိပေမယ့်လည်း လိုအပ်တဲ့ ကျန်းမာရေးကူသမှုခံယူရန်အတွက် ကလေးငယ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ၊ပန်းလှိုင်အိမ်ရာရှိ ခုနှစ်လွှာမှ အမျိုးသားတယောက်ပြုတ်ကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာသာရရှိမှုဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

