ရန်ကုန်မြို့မှာ ငလျင် သိသိသာသာ လှုပ်ခတ်မှု ဖြစ်၊ အထပ်မြင့် နေသူတချို့ လမ်းမပေါ် ပြေးဆင်းရ
အောက်တိုဘာ ၁၈ -
ရန်ကုန်မြို့မှာ မနေ့ အောက်တိုဘာ ၁၇ ရက်၊ ည ၁၁ နာရီ ၉ မိနစ်ဝန်းကျင်က ငလျင် သိသိသာသာ လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အထပ်မြင့် နေသူတချို့ လမ်းမပေါ် ပြေးဆင်းခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ ငလျင် လှုပ်ခတ်မှုကို ရွှေပြည်သာ၊ မရမ်းကုန်း၊ တာမွေ၊ လှိုင်သာယာ၊ ကမာရွတ်၊ လသာ၊ ကြည့်မြင်တိုင်၊ အလုံ၊ သာကေတ၊ ဒေါပုံ၊ မြေနီကုန်း၊ စမ်းချောင်း၊ လှိုင်၊ လမ်းမတော်၊ ပန်းဘဲတန်း၊ သန်လျင်၊ တွံတေး၊ ကော့မှူး၊ အင်းစိန်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း၊ ကျောက်မြောင်း၊ မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံ၊ တောင်ဥက္ကလာပ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာဒုံ အစရှိတဲ့ နေရာတွေမှာ သိသိသာသာ ခံစားခဲ့ရတယ်လို့ မြို့နေ ပြည်သူတွေက ပြောပါတယ်။
“ရန်ကုန် ငလျင် တအားကြမ်းတယ်။ တိုက်ခါရမ်းသွားလို့ ခဏငြိမ်တာနဲ့ အောက်ဆင်းပြေးရတယ်” လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူ တယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ မနေ့ အောက်တိုဘာ ၁၇ ရက်နေ့၊ ညပိုင်းအချိန် ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၀၉ မိနစ်၊ ၁၇ စက္ကန့် အချိန်မှာ ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက် - အနောက်တောင်ဘက် ၁ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (မရမ်းကုန်းမြို့နယ်ရဲ့ မြောက် - အနောက်မြောက်ဘက် ၁ မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် ၁၆ ဒသမ ၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၅ ဒီဂရီ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတာကို တိုင်းထွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ငလျင်လှုပ်သွားတာ လှည်းတန်းမှာ တော်တော်သိသာတယ်။ ဒီရက်ပိုင်း ငလျင် သတိထားဖို့ လိုမယ်ထင်တယ်။ ကိုယ်တွေနားမှာ တိုက်ပေါ်ကလူတွေပါ ပြေးဆင်းကြတာ။ Psycho တွေလည်း ရကုန်ပြီ” လို့ ပြည်သူတယောက်က ပြောပါတယ်။
မြေငလျင်သတင်းများ စင်တာရဲ့ ထုတ်ပြန်ချက်မှာတော့ မနေ့ အောက်တိုဘာ ၁၇ ရက်၊ ည ၁၁ နာရီ ၉ မိနစ်အချိန်က ရန်ကုန်တိုင်း၊ ဒလမြို့၊ မြေအောက်အနက် ၄ မိုင်မှ မဂ္ဂနီကျု ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်ငယ်တခု လှုပ်ခတ်သွားတယ်လို့ အသိပေးထားပါတယ်။
“ဒုန်းဆို အသံကြီးကြားပြီး လှုပ်တာ။ လှုပ်သွားတာ ၃ စက္ကန့်လောက် ကြာတယ်။ ရှစ်လွှာမှာနေတော့ သိသိသာသာ ခံစားလိုက်ရတယ်။ မြေညီထပ်က လူတွေတောင် သိသာတယ်။ တော်တော် အထပ်မြင့်တွေဆို သတိထားသင့်တယ်။ ၇ အဆင့်လောက်ဆို မလွယ်ဘူး” လို့ သန်လျင်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၅၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင် (ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် ၂၃ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၆ ဒသမ ၀၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၄ ဒီဂရီ၊ အနက် ၁၁၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားခဲ့ပါသေးတယ်။
အခုလို ငလျင် လှုပ်ခတ်မှုတွေဟာ စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်ပြီး ငလျင်ငယ်တွေ ကြိုကြားကြိုကြား တခါတလေ လှုပ်ခတ်တတ်ကာ အခုနှစ်၊ အခုလမှ ထလှုပ်တာမျိုး မဟုတ်ဘဲ အရင်နှစ်တွေကတည်းက ရန်ကုန်အနီးတဝိုက်မှာ ငလျင်ငယ်တွေ လှုပ်ခတ်နေကျ ဖြစ်တယ်လို့ မြေငလျင်သတင်းများ စင်တာမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ခုချိန်မှာ ငလျင်သတင်းတွေ ပျံ့နှံ့နေလို့ လူအများက မြေငလျင်ကို အရင်ထက်ကို ၁၀ ဆ ပိုပြီး ကြောက်နေကြတာ စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရတယ်။ အရမ်းကြီး စိုးရိမ်မနေဘဲ သတိသာချပ်ပြီး တည်ငြိမ်စွာ နေထိုင်သင့်ပါတယ်။ အန္တရာယ်မရှိတဲ့ ငလျင်ငယ်ကို အထူးတလည် ခန့်မှန်းပြနေဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်။ လူအများ ထိတ်လန့်မှုသာ အဖတ်တင်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
အခုလို ရန်ကုန်မှာ ငလျင်လှုပ်တာဟာ ပြင်းအား သိပ်မကြီးပေမယ့် ရန်ကုန်မြို့ တည်ရှိနေတဲ့နေရာက မြေပျော့ ဖြစ်နေတဲ့အတွက် ငလျင်ကို သိသိသာသာ ခံစားရတာ ဖြစ်တယ်လို့ ငလျင်ပညာရှင် တယောက်က ပြောပါတယ်။
“ရန်ကုန်မြို့တည်ရှိတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကြီးတခုလုံးဟာ မြေပျော့တွေနဲ့ ဖုံးလွှမ်းထားတာဖြစ်ပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် စတဲ့ မြစ်လက်တက်တွေ အများကြီးကနေပြီး ပင်လယ်ထဲကို စီးဝင်လာတဲ့အချိန်မှာ ပို့ချထားတဲ့ နုံးတွေ (မြေပျော့တွေ) ရှိနေတာကြောင့် ဖြစ်တယ်” လို့ သူက ပြောပါတယ်။
အဲဒီ မြေပျော့တွေဟာ ရန်ကုန်အပြင် အနောက်ဘက်ဆို ပုသိမ်၊ မြောက်ဘက်ဆိုရင်လည်း ပြည်မြို့မရောက်ခင် နေရာအထိ ဖုံးလွှမ်းထားတာဖြစ်ပြီး ဒီလို မြေပျော့မျိုးမှာ ငလျင်လှုပ်တဲ့အခါ ထွက်လာတဲ့ ငလျင်လှိုင်းက မြေပျော့ထဲမှာ ဖြတ်သန်းရတဲ့အတွက် မူလ လှုပ်ရမယ့် အဆထက် ပိုပြီးတော့ ကြီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
လှိုင်းရဲ့သွားပုံက အသံလှိုင်းနဲ့အတူတူပဲဖြစ်ပြီး ရေလည်းပါကာ မြေပျော့တွေထဲမှာ ငလျင်လှိုင်းဖြတ်လို့ပါက မူလထက်ပိုပြီး ငလျင်လှိုင်းကို ကြီးထွားစေတဲ့အတွက် ရန်ကုန်မြို့မှာ ငလျင်လှုပ်တဲ့အခါ အင်အား နည်းပေမယ့် အရမ်း ပြင်းထန်သွားတာမျိုး ခံစားရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။




