8 ပတ် - ဘာသာပြန်ပါ။

Dwayne Johnson ရဲ့ရုပ်ရှင်သစ်ဖြစ်တဲ့ The Smashing Machine ဟာ ရုံဝင်ငွေအခြေအနေမဟန်လှပေမယ့် Oppenheimer, Interstellar, Inception ရုပ်ရှင်တို့ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Christopher Nolan ကတော့ ဒီရုပ်ရှင်ကို ချီးကျူးသွားခဲ့သလို Dwayne Johnson ရဲ့သရုပ်ဆောင်စွမ်းရည်ဟာ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးတွေထဲမှာ ပါဝင်ကြောင်းလည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။
လက်ဝှေ့ကစားသမားဟောင်း Mark Kerr ရဲ့ဘဝအကြောင်း တင်ဆက်ထားတဲ့ The Smashing Machine ရုပ်ရှင်ကို Oppenheimer ရုပ်ရှင်မှာ Edward Teller အဖြစ်ပါဝင်ခဲ့တဲ့ သရုပ်ဆောင်/ဒါရိုက်တာ Benny Safdie က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Dwayne Johnson, Emily Blunt တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Benny Safdie ဟာ ဒီရုပ်ရှင်အတွက် Emily Blunt ကို Oppenheimer ရိုက်ကွင်းပေါ်မှာ စည်းရုံးခဲ့တာဖြစ်ပြီး ဒီအကြောင်းကို Christopher Nolan က -
“ငါ့ရိုက်ကွင်းမှာ မင်းပြောရမယ့်စကားတွေ အလွတ်ကျက်နေရမယ့်အချိန် မင်းက ရုပ်ရှင်သစ်အတွက် လူလိုက်စုနေတယ်လို့ ပြန်ကြားတယ်နော်” ဆိုပြီး အရွှန်းဖောက်ခဲ့သေးတာပါ။
Christopher Nolan က The Smashing Machine ရုပ်ရှင်ဟာ “အချိန်ကြာလာတာနဲ့အမျှ လူတွေပိုပြီးနားလည်လာမယ့်ရုပ်ရှင်” ဖြစ်ကြောင်း၊ Dwayne Johnson ရဲ့သရုပ်ဆောင်စွမ်းရည်ဟာ အင်မတန်ပြောင်မြောက်ကြောင်း ချီးကျူးသွားပြီး Benny Safdie ကိုလည်း မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ A24 စတူဒီယိုရဲ့ ကုန်ကျစရိတ်အများဆုံးရုပ်ရှင်ဖြစ်တဲ့ The Smashing Machine ဟာ Dwayne Johnson ရဲ့အနုပညာသက်တမ်းတလျှောက် အဖွင့်ရုံဝင်ငွေအနည်းဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ရုံဝင်ငွေအခြေအနေမကောင်းပေမယ့်လည်း ဒီရုပ်ရှင်ဟာ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Benny Safdie အတွက် ဒါရိုက်တာဆုဆွတ်ခူးပေးနိုင်ခဲ့သလို Dwayne Johnson ကိုလည်း အော်စကာစင်မြင့်ထက်ကို ပို့ဆောင်ပေးနိုင်ဖို့ အလားအလာရှိတဲ့ရုပ်ရှင်အဖြစ် ထင်ကြေးပေးခံထားရတာဖြစ်ပါတယ်။
ကိုးကား - Deadline

image