ဗီလာပါ့ခ်ပွဲစဉ်အား မက္ကဘီတဲလ်အဗစ်ပရိသတ်များ လာရောက်ကြည့်ခွင့်ရမည်မဟုတ်
=====================
မက္ကဘီတဲလ်အဗစ်ပရိသတ်များဟာ လုံခြုံရေးပိုင်း စိုးရိမ်ရတာကြောင့် ဗီလာအား အဝေးကွင်းမှာ သွားရောက်ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အား လာရောက်ကြည့်ခွင့်မရပါဘူး။
West Midland Police က နိုဝင်ဘာလ ၆ ရက်နေ့ ဗီလာပါ့ခ်တွင် ကစားမယ့် ပွဲစဉ်တွင် အစ္စရေးကလပ်အား ပါလက်စတိုင်းထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်မှုနှင့်အတူ ယခုကဲ့သို့ ပရိသတ်များအား လာရောက်ကြည့်ခွင့်မပေးရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် The Safety Advisory Group ကလည်း မက္ကဘီတဲလ်အဗစ်ပရိသတ်များအား ဘာမင်ဂမ်တွင် ကစားမယ့်ပွဲစဉ်အား သွားရောက်ကြည့်ရှုမပြုလုပ်ရန် သတိပေးထားပါတယ်။
West Midland Police က လာမယ့် ဗီလာရဲ့ ပွဲစဉ်ကို လုံခြုံရေးပိုင်း အထူးစိုးရိမ်ရတဲ့ပွဲအဖြစ် သတ်မှတ်ကာ ပြင်ဆင်မှု ပြုလုပ်ထားပါတယ်။
ယင်းသို့ မက္ကဘီတဲလ်အဗစ်ပရိသတ်များအား ဗီလာပါ့ခ်ပွဲစဉ်ကို လာရောက်ကြည့်ရှုခွင့် မပေးမှုနှင့်ပတ်သက်ပြီး နိုင်ငံရေးသမားအချို့တို့ကလည်း ဝေဖန်မှု ပြုလုပ်နေကြပေမယ့်လည်း အချို့ နိုင်ငံရေးသမားများကမူ ပရိသတ်များအတွက် လုံခြုံရေးသာ အရေးအကြီးဆုံးဖြစ်ရာ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံနေကြပါတယ်။
ယခင်တုန်းကလည်း အစ္စရေးကလပ်များရဲ့ ဥရောပအဝေးကွင်းပွဲစဉ်များတွင် အစ္စရေးပရိသတ်များကို ပါလက်စတိုင်း ထောက်ခံသူများက တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ် အမ်စတာဒမ်တွင် အေဂျက်စ်နှင့် မက္ကဘီတဲလ်အဗစ်ပွဲစဉ်တွင် ပါလက်စတိုင်းထောက်ခံသူများက အစ္စရေးပရိသတ်များကို လိုက်လံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းမှုများစွာ ပြုလုပ်ခဲ့ရပါတယ်။
တဖက်တွင် ဂါဇာတွင် အောက်တိုဘာလ ၁၀ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲမှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။