နိုင်ငံတကာက မိမိတို့နိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
အောက်တိုဘာ ၁၇
နိုင်ငံတကာက မိမိတို့နိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၆ ရက်နေ့၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါမှပဲ ခိုင်မာတဲ့ အစိုးရတစ်ရပ်အဖြစ် ပြည်သူလူထုက အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ယုံကြည်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး အရေးကြီးဆုံးအချက်ဖြစ်တဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ပေးကြရမယ်လို့ ဆိုပါတယ်။
မိမိတို့နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က ကျေးလက်မှာ နေထိုင်ကြတာကြောင့် ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှပဲ နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာမှာဖြစ်ပြီး ဆင်းရဲမွဲတေမှုကို တစ်ပါတည်း လျှော့ချနိုင်မယ်လို့ ဆက်ပြောပါတယ်။
အစိုးရတစ်ရပ်ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပြီး နိုင်ငံတော်ကို လုံခြုံအောင် ဆောင်ရွက်ဖို့ တာဝန်ရှိတာကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားပါတယ်။
ဆက်လက်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တွဲဖက်ပြီး ပျားမွေးမြူရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်ဆိုရင် အကျိုးဖြစ်ထွန်းစေတယ်လို့လည်း ဆိုပါတယ်။
မိမိတို့ရဲ့ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးတို့ဖြစ်ပြီး အစိုးရတစ်ရပ်အနေနဲ့ ရည်မှန်းချက်ကြီးကြီးထားပြီး ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။



