ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို သေဒဏ်ပေးဖို့ ရှေ့နေချုပ်တောင်းဆို
အောက်တိုဘာ ၁၇
ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို သေဒဏ်ပေးဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားတဲ့ ဟာစီနာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။ ပေါက်ကြားလာတဲ့ အသံဖိုင်တခုအရ သူမဟာ ဆန္ဒပြသူတွေကို သေစေလောက်တဲ့ လက်နက်တွေအသုံးပြုဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးခဲ့ပါတယ်။ သူမကတော့ စွဲချက်တွေကို ငြင်းဆိုပါတယ်။
ဟာစီနာရဲ့ ၁၅ နှစ်ကြာအုပ်ချုပ်မှုကိုအဆုံးသတ်ခဲ့တဲ့ မငြိမ်မသက်မှုတွေ သီတင်းပတ်များအတွင်းလူပေါင်း ၁၄၀၀ အထိသေဆုံးခဲ့ပြီး ဒါဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပါတယ်။
ဟာစီနာဟာ သေဒဏ် ၁၄၀၀ ကို ခံယူထိုက်ပြီး အနည်းဆုံး တခုတော့ တောင်းဆိုတယ်လို့ အစိုးရရှေ့နေချုပ် တာဂျူအစ္စလာမ္မ်က ပြောပါတယ်သည်။ ဟာစီနာရဲ့ ရည်မှန်းချက်ဟာ သူနဲ့ မိသားစုအတွက် အာဏာကို ထာဝရစွဲကိုင်ထားဖို့ဖြစ်တယ်လို့ တရားရုံးမှာ ရှေ့နေချုပ်က ဆိုပါတယ်။
၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲတွင် တိုက်ပွဲဝင်ခဲ့ကြသူတွေရဲ့ ဆွေမျိုးသားချင်းတွေအတွက် အစိုးရအလုပ် ခွဲတမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ဖြစ်ပွားခဲ့ပြီး မကြာမီမှာ ဝန်ကြီးချုပ်နုတ်ထွက်ရေး လူထုလှုပ်ရှားမှုအဖြစ် ကြီးထွားလာခဲ့ပါတယ်။
လူအုပ်က ဒါကာရှိ သူမ၏နေအိမ်ကို မ၀င်ရောက်မီ ဟာစီနာ ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ဟာ သွေးထွက်သံယိုအဖြစ်ဆုံးနေ့ဖြစ်ခဲ့ပြီး လူ ၅၂ ယောက်ဟာ ရဲတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
လက်ရှိမှာတော့ သူမနဲ့အတူ ပြည်ထဲရေးဝန်ကြီးဟောင်း ခန်းကာမယ်လ် ရဲချုပ်ဟောင်း အဗ္ဗဒူလာအယ်လ်မာမမ်တို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တရားစွဲဆို စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
