ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ယာမဲလ် ထိုးဖောက် ပါဝင်လာ
======================

လာမိန်းယာမဲလ်ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ထိုးဖောက် ပါဝင်လာပါတယ်။

Forbes က ကြေညာလာတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းတွင် လာမိန်းယာမဲလ်ဟာ တိုတောင်းတဲ့ ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာနိုင်တာလည်း ဖြစ်ပါတယ်။

လာမိန်းယာမဲလ်ဟာ မကြာသေးမီတုန်းက ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာနှင့် စာချုပ်သစ်အပြင် Adidas ၊ Visa ၊ Konami တို့အပါအဝင် စပွန်ဆာစာချုပ်များမှ ရရှိတဲ့ ဝင်ငွေများကြောင့် ဝင်ငွေအကောင်းဆုံးဘောလုံးသမား ၁၀ ဦးစာရင်းတွင် အဆင့် ၁၀ နေရာချိတ်လာတာလည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ရှိ လာမိန်းယာမဲလ်ဟာ ယခုနှစ်တွင် ကော်မာရှယ်ဝင်ငွေ ဒေါ်လာ ၁၀ သန်းအပြင် စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၄၃ သန်း ရရှိလာမယ်လို့ ခန့်မှန်းထားရပြီး Forbes ရဲ့ ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် အဆင့် ၁၀ ချိတ်လာတာပါ။

လာမိန်းယာမဲလ်ဟာ ၂၀၂၃-၂၄ ရာသီတွင် ဘာစီလိုနာအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိပြီးနောက် ယခုအခါ ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

သူဟာ မကြာသေးမီတုန်းက ဘာစီလိုနာနှင့် ၆ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့အပြင် ရော်နယ်ဒင်ဟို၊ မက်ဆီတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုလည်း လွဲပြောင်းဝတ်ဆင်ခွင့်ရခဲ့ပါတယ်။

တဖက်တွင် Forbes ရဲ့ ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းကို ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုက ဝင်ငွေ ဒေါ်လာသန်း ၂၈၀ ဖြင့် ဆက်လက် ဦးဆောင်ထားနိုင်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ မကြာသေးမီတုန်းက ပထမဆုံးဘီလျှံနာဘောလုံးသမား ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီက ဝင်ငွေ ဒေါ်လာသန်း ၁၃၀ ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပြီး ကာရမ်ဘန်ဇီးမားက ဒေါ်လာ ၁၀၄ သန်းဖြင့် တတိယနေရာမှာလည်းကောင်း၊ ကိုင်လီယန်ဘက်ပေးက ဒေါ်လာ ၉၅ သန်းဖြင့် စတုတ္ထနေရာမှာလည်းကောင်း၊ အာလင်းဟာလန်းက ဒေါ်လာသန်း ၈၀ ဖြင့် ပဥ္စမနေရာမှာလည်းကောင်း ရပ်တည်နေပါတယ်။

ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ဗီနီရှပ်စ်ဂျူနီယာ(ဒေါ်လာသန်း ၆၀)၊ မိုဟာမက်ဆာလက် (ဒေါ်လာ ၅၅ သန်း)၊ ဆာဒေယိုမာနေး (ဒေါ်လာ ၅၄ သန်း)၊ ဂျူ့ဘယ်လင်ဂမ်(ဒေါ်လာ ၄၄ သန်း)၊ လာမိန်းယာမဲလ်(ဒေါ်လာ ၄၃ သန်း)တို့လည်း ပါဝင်ခဲ့ပါတယ်။

image