3 w - Translate

⬛ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဓားထောက်လုယက်သူနှစ်ဦးဟုယူဆရသူများကိုဖမ်းဆီးမိ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဆိုင်ကယ်တား ၍ ဓားထောက်လုယက်ခဲ့သူနှစ်ဦးအားဖမ်းဆီးမိထားကြောင်း ယနေ့ (အောက်တိုဘာ ၁၆ ရက်)ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
လုယက်ခံရသူမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၈)မှ အသက်(၄၀) အရွယ်ရှိဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာ ၁၀ ရက်၊ ညနေ ၅ နာရီတွင် အဆိုပါရုံးမှ၎င်း‌၏နေအိမ်ရှိရာသို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်ဖြင့်တစ်ဦးတည်းပြန်လာစဉ် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျေးရွာအနီး၊ ရာဇသင်္ဂဟအိမ်ရာ(၁)အနောက် အရောက်၌ အမည်မသိအမျိုးသားနှစ်ဦးမှ ဝန်ထမ်းအမျိုးသမီးဆိုင်ကယ်အရှေ့မှပိတ်ရပ်တားဆီးကာ ဓားဖြင့်ထောက်၍ လုယက်ခဲ့ခြင်းဖြစ်သည်။
လုယက်သူများသည် အမျိုးသမီးထံမှ SAMSUANG Note 10 Plus အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံး၊ ပလက်တီနမ်ဆွဲကြိုးတစ်ကုံး၊ ကျပ်တစ်သိန်းခွဲခန့်၊ ဝန်ထမ်းကတ်များနှင့် ATM ကတ်များထည့်ထား သည့် လက်ကိုင်အိတ်တစ်လုံးတို့အား လုယက်သွားခဲ့ကြောင်းသိရသည်။
ယင်းလုယက်မှုနှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနီးလမ်းမပေါ်၌ လုယက်သူများဟုယူဆရသည့် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂) ရပ်ကွက်တွင် နေထိုင်သူ ကောင်းစံဌေး (ခ) မြတ်သူအောင်နှင့် ကိုကိုထွန်း (ခ) မဲလုံးတို့ကို ကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးအပြင် လုယက်ယူဆောင်ခဲ့သည့် SAMSUANG Note 10 Plus လက်ကိုင်ဖုန်းတစ်လုံး၊ ငွေစက္ကူရောရာ ကျပ်တစ်သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးအား ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်ပြစ်မှုများရှိ၊မရှိ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း၊ သိမ်းဆည်းရန်ကျန် သက်သေခံ ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန
#ပြည်တွင်းသတင်း

image