ကိုယ့်အခြေအနေ ကိုယ်သိရမယ်
~~~~~~~~~~~~~~~~~~~~~
#ကိုယ်ခံစားရတာ သူသိပါ့မလားလို့ တွေးမနေနဲ့။ သေချာတယ်မသိဘူး။ စိတ်လည်းမဝင်စားဘူး။ လူဆိုတဲ့ သတ္တဝါက ကိုယ့်အရေးပဲ ကိုယ်စိတ်ဝင်စားတတ်တယ်။ သူများအရေး စိတ်ဝင်စားတယ်ဆိုရင်လည်း ကိုယ့်အရေးနဲ့ ဆက်စပ်နေလို့ပဲ။ သိတယ်ဆိုဦးတော့ ကိုယ်ခံစားတာ သူခံစားရတာ မဟုတ်တဲ့အတွက် ဒီလောက်ကြီး နားလည်နိုင်မှာ မဟုတ်ဘူး။ ထပ်တူခံစားပေးနိုင်မှာ မဟုတ်ဘူး။
#ဒီတော့ ကိုယ့်ဝေဒနာ ကိုယ်အဖြေရှာဖို့ပဲရှိတယ်။ ကိုယ့်ခံစားချက် ကိုယ်ပဲချေဖျက်ရမယ်။ ကိုယ့်ဝေဒနာအတွက် သူ့ကိုထည့်တွက်နေရင် ခံစားချက်ကမလျော့ဘဲ ထပ်တိုးနေတတ်တယ်။ မျှော်လင့်နေမိတာကိုက ကိုယ့်အမှားပဲလေ။ ဝေဒနာထပ်တိုးတယ်ဆိုတာလည်း အဲဒီမျှော်လင့်စိတ်ကြောင့်ပဲ။ ဒီစိတ်ကို လျှော့ချလိုက်တာနဲ့ ကိုယ့်ခံစားချက်က အလိုလိုသက်သာသွားတော့တယ်။ လက်တွေ့လျှော့နိုင်အောင်တော့ ကြိုးစားရမှာပေါ့။
#ဆိုလိုတာက ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းတတ်ဖို့ပါပဲ။ ကိုယ့်ခံစားချက်ကို ကိုယ်ကိုယ်တိုင်ပဲ လျှော့ချကြည့်ဖို့ပါပဲ။ "ငါ့ကိုပစ်ထားတယ်"ဆိုတဲ့ အဲဒီအတွေးကိုက ကိုယ့်စိတ်ကိုလေးစေတာ၊ ခံစားစေတာဖြစ်တဲ့အတွက် အဲဒီစိတ်အတွေးကို အရင်ဘေးဖယ်ကြည့်ဖို့ပါပဲ။ "ဘယ်သူမှမရှိလည်း ဖြစ်တယ်"ဆိုတဲ့ စိတ်ဓာတ်ခွန်အား တိုးပွားအောင်ကြိုးစားကြည့်ဖို့ပါပဲ။ ဘဝခရီးသာ အတူလျှောက်လို့ရပေမယ့် သံသရာခရီကတော့ ကိုယ့်လမ်းကိုယ်လျှောက်ရမှာ မဟုတ်လား။
#တအားကြီး မတွေးနဲ့ တအားကြီးလေးနေလိမ့်မယ်။
#အများကြီးမမျှော်နဲ့ အများကြီးချော်နေလိမ့်မယ်။
#အကြာကြီးမခံစားနဲ့ ဘဝခရီးအမှန်သွားရဦးမယ်လေ။
မေတ္တာဖြင့်
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ