ပါကစ္စတန်နဲ့ အာဖဂန်တို့ ယာယီအပစ်ရပ် 
ကဘူးလ်၊ အောက်တိုဘာ-၁၆-၂၀၂၅ 
ရတီ(VOM) 
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ဟာ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့တယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။ 
ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးဟာ အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁ နာရီမှာ စတင်အသက်ဝင်မှာ ဖြစ်ပြီး ၄၈ နာရီကြာ အပစ်အခတ်ရပ်ဖို့ နှစ်ဖက်စလုံးက သဘောတူထားပါတယ်။ 
ပါကစ္စတန် ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ပြောကြားခဲ့ပြီး နှစ်ဖက်စလုံး အသေအပျောက် ပြင်းထန်တယ်လို့ ပြောဆိုမှုတွေရှိပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ 
ပြီးခဲ့တဲ့ သီတင်းပတ်က အာဖဂန်နစ္စတန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးကတည်းကနှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့ပြီး  ပါကစ္စတန်ကလည်း အာဖဂန်နယ်စပ်ရှိ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အာဖဂန်ကတော့ စစ်သွေးကြွတွေ မရှိဘူးလို့ ဆိုထားပါတယ်။ 
အဲဒီနောက် ကဘူးလ်နဲ့ ကန်ဒါဟာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် တင်းမာမှုတွေ ပိုမိုမြင့်တက်ခဲ့ပါတယ်။အပစ်ရပ်ကာလအတွင်း ရှုပ်ထွေးတဲ့ ပြဿနာကို အပြုသဘောဆောင်ဖြေရှင်းဖို့ စိတ်ရင်းမှန်နဲ့ ကြိုးပမ်းသွားမယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 
တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူကလည်း အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ ကျူးကျော်တိုက်ခိုက်မှု တစုံတရာမရှိမချင်း အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ 
ကန်ဒါဟာ ပြည်နယ်နဲ့ ကဘူးလ်ရှိ ပစ်မှတ်တွေကို ပါကစ္စတန်တပ်တွေက လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။  တာလီဘန် အစိုးရ သတင်းရင်းမြစ်တွေကလည်း  ကဘူးလ်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။ 
Ref:BBC 
Photo:Getty Imges’