#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ ဘတ်စကားတစ်စီး မီးလောင်၊ အနည်းဆုံး လူ ၂၀ သေဆုံး
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်၌ အောက်တိုဘာ ၁၄ ရက်က ခရီးသည်တင် ဘတ်စကားတစ်စီးမောင်းနှင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၂၀ သေဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်ဘတ်စကားသည် ဂျိုင်ဆယ်မာလ်မြို့မှ ဂျိုပူရမြို့သို့ မောင်းနှင်နေစဉ် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ခရီးသည် ၅၀ ကျော် လိုက်ပါလာသော၎င်းဘတ်စကားသည် ဂျိုင်ဆယ်မာလ်မြို့မှ ထွက်ခွာလာပြီး များမကြာမီမှာပင် မီးလောင်မှုဖြစ်ပွားခဲ့ရသည်။ခရီးသည်တင်ဘတ်စကားမီးလောင်မှု လျှပ်စစ်ဝိုင်ယာ ပြဿနာတစ်ရပ်ကြောင့် စတင်ခဲ့ရခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက ထင်ကြေးပေးထားသည်။
သို့ရာတွင် လက်ရှိအချိန်တွင် အဆိုပါ ဘတ်စကား မီးလောင်ကျွမ်းမှုနောက်ခံအကြောင်းတရားကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရာဂျက်စတန်ပြည်နယ် တာဝန်ရှိသူများက ပြောကြားသည်။
ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သောအိန္ဒိယနိုင်ငံသည် လမ်းပန်းဆက်သွယ်ရေးဘေးကင်းလုံခြုံမှု မှတ်တမ်းအရ နာမည်ဆိုးဖြင့် ကျော်ကြားသည်။ နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံတစ်ဝန်းယာဉ်မတော်တဆမှု ၄၈၀၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူ ၁၇၃၀၀၀ နှင့် ဒဏ်ရာရသူ ၄၆၃၀၀၀ နီးပါးရှိခဲ့သည်။
ကိုးကား-ရိုက်တာ
