15 hrs - Translate

⬛ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၆၀ သတ်မှတ်ဟု ကော်မရှင်ကြေညာ
အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးကို ယခုလအောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ရက်ပေါင်း ၆၀ ကြာပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။
လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင်စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလကို ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများနည်းတူ ရက်ပေါင်း ၆၀ သတ်မှတ်လိုက်ခြင်းဖြစ်သည်။
မဲဆွယ်စည်းရုံးရေးကို ဒီဇင်ဘာ ၂၆ ရက်၊ ည ၁၂ နာရီအထိပြုလုပ်နိုင်ကြောင်း ကော်မရှင်ကြေညာချက် တွင်ဖော်ပြထားသည်။ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီတစ်ရက်အလို ဒီဇင်ဘာ ၂၇ ရက်တွင်မူ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ရှိတော့မည်မဟုတ်ပေ။
အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများ အနေဖြင့် လွတ်လပ်၊ မျှတပြီး အေးချမ်းတည်ငြိမ်သည့်ရွေးကောက်ပွဲများဖြစ်စေရန် ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေပြဌာန်းချက်များအတိုင်းဆောင်ရွက်ရန် ကော်မရှင်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒေသတချို့တွင်မြေပြင်ဒေသအခြေအနေများအရ အွန်လိုင်းအခြေပြုမဲဆွယ်စည်းရုံးမှုများကို ပိုမိုပြုလုပ်ရန်ရှိကြောင်း၊ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကပြောထားသည်။
အထွေထွေရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်အားလုံးရှိ မဲဆန္ဒနယ်များ၌ ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီ ခြောက်ခု၊ တိုင်းနှင့်ပြည်နယ်ဒေသအလိုက်ယှဉ်ပြိုင်မည့် ပါတီ ၅၁ ခု၊ စုစုပေါင်းနိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်စာရင်းတင် သွင်းထားသည်။ ယင်းကိုယ်စားလှယ်လောင်းများအနက် အချို့မှာ သတ်မှတ်ချက်နှင့် ငြိစွန်းမှုများရှိ နေခြင်းကြောင့် ကိုယ်စားလှယ်လောင်းအရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ကပြုလုပ်သည့် NCA နှစ်ပတ်လည်အခမ်းအနားတွင်ပြောဆိုထားသည်။
ထို့ပြင် အထွေထွေရွေးကောက်ပွဲကို သုံးပိုင်းခွဲကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပထမပိုင်း၌ မြို့နယ်ပေါင်း ၁၀၀ ကျော် ဒုတိယပိုင်းတွင်လည်းမြို့နယ်ပေါင်း ၁၀၀ ဆက်လက်ကျင်းပ မည်ဖြစ်ကာ ကျန်ရှိသည့်မြို့နယ်များကို တတိယပိုင်းအဖြစ်ကျင်းပမည်ဟု ၎င်းက ဆက်လက်ပြောဆို ထားသည်။
သတင်း/ဓာတ်ပုံ - စံတော်ချိန်ဒစ်ဂျစ်တယ်
၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေကြသူများကိုတွေ့ရစဉ်။
#ပြည်တွင်းသတင်း

image