⬛ရက်သတ္တနှစ်ပတ်အတွင်း မန္တလေး၌ငလျင်သုံးကြိမ်လှုပ်၊ ဗန်းမောက်တွင်လည်း အင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်ထပ်လှုပ်ခတ်
မန္တလေးတိုင်း၌ ရက်သတ္တနှစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှုသုံးကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရသိရသည်။
ယနေ့(အောက်တိုဘာ ၁၆ ရက်) နံနက် ၁၁ နာရီ ၇ မိနစ် ၈ စက္ကန့်တွင် တံတားဦးမြို့၏ အရှေ့မြောက် ဘက် သုံးမိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာဗဟိုပြု၍အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
အဆိုပါငလျင်မှာ ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ (၂၃၈) ကြိမ် မြောက် နောက်ဆက်တွဲငလျင်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အောက်တိုဘာ ၄ ရက်တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၌ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိငလျင်နှင့် အောက်တိုဘာ ၂ ရက်တွင် မတ္တရာမြို့၌ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၆ အဆင့်ရှိငလျင် တို့ လှုပ်ခတ်ခဲ့သေးသည်။
ထို့ပြင် ယနေ့မွန်းလွဲ ၁ နာရီ၊ ၂၇ မိနစ်၊ ၅၉ စက္ကန့်တွင် ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၆ မိုင်ခန့်ကွာဝေးသော ဗန်းမောက်မြို့ကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၃ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့၌ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း
