ဇာဗီး၊ အင်နီယေစတာတို့ ခေတ်တုန်းက တင်ထားခဲ့တဲ့ စံချိန်ကို လိုက်မီလာတဲ့ စပိန်အသင်း
စပိန်လက်ရွေးစင်အသင်းဟာ မနေ့ညတုန်းက ဘူလ်ဂေးရီးယားကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အသင်းရဲ့ ပြိုင်ပွဲအရပ်ရပ် ၂၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မီလာပါတယ်။
လူးဝစ်ဒီလာဖူအန်တီရဲ့ စပိန်အသင်းဟာ ဗင်းဆင့်တီဒယ်ဘော့စကေးရဲ့ ကမ္ဘာ့ဖလားချန်ပီယံအသင်း တင်ထားခဲ့တဲ့ ၂၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။
စပိန်အသင်းဟာ ဘူလ်ဂေးရီးယားနှင့်ပွဲတွင် အဓိကကစားသမားများဖြစ်ကြတဲ့ လာမိန်းယာမဲလ်၊ အသင်းခေါင်းဆောင်အယ်ဗာရိုမိုရာတာတို့ မပါဝင်လာပေမယ့်လည်း အာဆင်နယ်အလယ်တန်းကစားသမားမီခေးလ်မီရီနိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
စပိန်အသင်းဟာ ၂၀၂၃ ခုနှစ် ယူရိုခြေစစ်ပွဲတုန်းက စကော့တလန်ကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲများတွင် ရှုံးပွဲတစ်ပွဲမျှ ကြုံတွေ့ခဲ့ခြင်း မရှိဘဲ ယူရို ၂၀၁၄ ချန်ပီယံဖြစ်ခဲ့ပါတယ်။
၎င်းတို့ဟာ ၂၉ ပွဲရှုံးပွဲမရှိ လမ်းကြောင်းပေါ်တွင် နိုင်ပွဲ ၂၄ ပွဲအထိ ရရှိကာ ၅ ပွဲသာ သရေကျခဲ့ပါတယ်။
ဒါ့အပြင် ဘူလ်ဂေးရီးယားကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် စပိန်ဂိုးသမားအူနိုင်းဆိုင်မွန်မှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးမပေးရသေးတဲ့ မှတ်တမ်းကိုလည်း ဆက်လက်ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ စပိန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေးဂိုးမရှိထားဘဲ ရဂိုး ၁၅ ဂိုးအထိ ပိုင်ဆိုင်ထားပါတယ်။
ဒယ်ဘော့စကေးဦးဆောင်တဲ့ စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဟွန်ဒူးရပ်စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ စတင်ကာ ၂၉ ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်း ရရှိခဲ့ပါတယ်။ ထိုစဉ်တုန်းက စပိန်အသင်းဟာလည်း ၂၉ ပွဲဆက် ရှုံးပွဲမရှိရာမှာ ၂၄ ပွဲနိုင်၊ ၅ ပွဲသရေကျခဲ့ပါတယ်။ ယင်းကာလအတွင်းတွင် စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ယူရို ၂၀၁၂ ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဇာဗီး၊ အင်နီယေစတာ၊ ရာမို့စ်တို့ ပါဝင်ခဲ့တဲ့ စပိန်အသင်းဟာ ၂၀၁၃ ခုနှစ် တိုက်ကြီးများဖလားတွင် ဘရာဇီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ၂၉ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရပ်ဆိုင်းခဲ့ပါတယ်။
လက်ရှိ စပိန်အသင်းဟာ လာမယ့်နိုဝင်ဘာလ ဂျော်ဂျီယာနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်တွင် ပွဲ ၃၀ ဆက် ရှုံးပွဲမရှိစံချိန်သစ် ရေးထိုးနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။ စပိန်ဟာ ဂျော်ဂျီယာနှင့်ပွဲတွင် အနိုင်ရရှိလာပါက ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာပါမယ်။
