လီဗာပူးပွဲ နောက်ကျအနိုင်ဂိုး အောင်ပွဲခံမှုအတွက် တစ်ပွဲပယ်ခံလာရတဲ့ မာရက်စ်ကာ
====================

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ လီဗာပူးအား နောက်ကျဂိုးဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲတွင် အကြီးအကျယ်အောင်ပွဲခံမှုအတွက် ထုတ်ပယ်ခံရပြီးနောက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။

အီတလီလူမျိုးနည်းပြဟာ ၉၅ မိနစ်တွင် အက်စ်တီဗာအိုဝီလီယံက အနိုင်ဂိုးသွင်းလိုက်ပြီးနောက် ကစားသမားများထံသို့ ပြေးလွှားကာ အတူအောင်ပွဲခံခဲ့ပြီး ဒိုင်လူကြီးအန်တိုနီတေလာရဲ့ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။

ယခုအခါ အက်ဖ်အေဟာ လက်စတာနည်းပြဟောင်းအား တစ်ပွဲပယ်ပြစ်ဒဏ်တရားဝင် ချမှတ်လာပြီ ဖြစ်ပါတယ်။
မာရက်စ်ကာကလည်း အက်ဖ်အေရဲ အရေးယူမှုကို လက်ခံသွားပါတယ်။

မာရက်စ်ကာဟာ တစ်ပွဲပယ်ပြစ်ဒဏ်အပြင် ပေါင် ၈၀၀၀ လည်း ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။

မာရက်စ်ကာဟာ တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် စနေနေ့တွင် City Ground သို့ သွားရောက်ကာ နော်တင်ဟမ်ဖောရက်စ်နှင့် ရင်ဆိုင်ရမယ့်ပွဲစဉ်တွင် ချဲလ်ဆီးအား ကြီးကြပ်လာနိုင်တော့မှာ မဟုတ်ပါဘူး။

မာရက်စ်ကာဟာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ပရီးမီးယားလိဂ်နည်းပြဖြစ်လာပြီးနောက် ဒုတိယအကြိမ် ပွဲပယ်ခံလာရတာပါ။
အသက် ၄၅ နှစ်ရှိ မာရက်စ်ကာဟာ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဖူလ်ဟမ်နှင့်ပွဲတွင် ၉၃ မိနစ်မှာ ပီဒရိုနီတို အနိုင်ဂိုးသွင်းလိုက်ပြီးနောက် အောင်ပွဲခံမှုအတွက် တတိယမြောက် အဝါကတ်ပြသခြင်းခံခဲ့ရကာ တစ်ပွဲပယ်ခံရဖူးပါတယ်။

image