အိန္ဒိယဝန်ကြီးချုပ်မိုဒီက ရုရှားထံမှရေနံတင်သွင်းမှုကို ရပ်တန့်မည်ဟု အာမခံခဲ့ကြောင်း အမေရိကန်သမ္မတ ပြောကြား

၁၆.၁၀.၂၀၂၅
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက သူ့အနေနဲ့ ရုရှားနိုင်ငံထံမှ ရေနံတင်သွင်းနေမှုတွေကို ရပ်တန့်ပါ့မယ်လို့ အောက်တိုဘာလ ၁၅ ရက် အစောပိုင်းက အာမခံခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်က "သူက ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ပါ။ ငါတို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိတယ်။ ရုရှားဆီက အိန္ဒိယအနေနဲ့ ရေနံဝယ်နေတာက ခုဆိုရင် လူတစ်သန်းခွဲလောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီအဓိပ္ပါယ်မရှိတဲ့စစ်ပွဲကို ရုရှားက ဆက်ပြီးတိုက်နိုင်အောင်ဖြစ်နေတဲ့အတွက် အိန္ဒိယက ရုရှားဆီက ရေနံဝယ်တာကို ကျွန်တော်တို့ မကျေနပ်ခဲ့ဘူး" လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စစ်ပွဲကို ဝေဖန်ပြီးတော့ အိမ်ဖြူတော် Oval Office မှာ ပြောခဲ့တာပါ။

CNN သတင်းဌာနက ထိုသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးပြောကြားဖို့ အိန္ဒိယသံရုံးကို ဆက်သွယ်ခဲ့ပါသေးတယ်။
ထရမ့်က အိန္ဒိယအနေနဲ့ ဈေးသက်သာတဲ့ ရုရှားရေနံတွေကို ဆက်လက်ဝယ်ယူနေခြင်းကို ရပ်တန့်ဖို့ သူ့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်တဲ့အနေနဲ့ အိန္ဒိယကို လပေါင်းများစွာ တောင်းဆိုလာခဲ့တာပါ။ ဩဂုတ်လမှာတော့ ထရန့် က အိန္ဒိယအပေါ် အရင် ကြေညာထားတဲ့ ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း သာမက ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ အိန္ဒိယထံမှသွင်းကုန်တွေကို စုစုပေါင်းကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ခဲ့တာပါ။

အောက်တိုဘာလ ၁၅ ရက်က နောက်ဆက်တွဲ အပြန်အလှန်စကားပြောမှုတစ်ခုမှာတော့ ထရမ့်ပ် က မိုဒီကို "လူကောင်းတစ်ယောက်ပါ။ ပြီးတော့ ကျွန်တော့်ကိုလည်း ချစ်ခင်သူပါ" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ထရမ့်ပ်က " မိုဒီက ရုရှားဆီကနေ ရေနံဝယ်တော့မှာမဟုတ်ဘူးလို့ ကျွန်တော့်ကို အာမခံပါတယ်။ ကျွန်တော်မသိဘူး၊ ဒါက လောလော လတ်လတ် သတင်းလို့ပဲ ပြောလို့ရမလား။" လို့ပြောခဲ့ပါသေးတယ်။ ထရမ်မ့်ပ်ကတော့ ရုရှားဆီက ရေနံတင်သွင်းမှုကို ရပ်တန့်ဖို့ အိန္ဒိယက ဆောင်ရွက်မယ်ဆိုရင် ယူကရိန်းစစ်ပွဲကို အရှိန်အဟုန်နဲ့ အဆုံးသတ်စေမယ်လို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။

"အိန္ဒိယက ရုရှားဆီက ရေနံမဝယ်ဘူးဆိုတာက လွယ်ပါတယ်။ သူတို့ အနေနဲ့ ခုတော့မဝယ်တော့ဘူး။ ဒီ စစ်ဖြစ်နေတဲ့အချိန်တိုလေးအတွင်းမှာရုရှားဆီက ရေနံဝယ်မှာမဟုတ်ဘူးဆိုတာ အာမခံတယ်။ ဒါပေမယ့် စစ်ပြီးရင်တော့ သူတို့ ရုရှားကို ပြန်သွားပြီး ရေနံဝယ်မယ်ပေါ့။” လို့ ထရမ့်ပ်က ဆက်ပြီးပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ တိုးတက်လာနေတဲ့ စီးပွားရေးနဲ့ တိုးပွားလာနေတဲ့ လူဦးရေကို ထောက်ပံ့ပေးဖို့ ရေနံစိမ်းအတွက် ရုရှားကို ကာလရှည်ကြာ မှီခိုနေခဲ့ရတာပါ။ အခုဆိုရင် အိန္ဒိယနိုင်ငံဟာ လူဦးရေ ၁ ဒသမ ၄ ဘီလျံကျော်ရှိပြီး ကမ္ဘာ့ လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ဒါ့ပြင် အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ ရေနံသုံးစွဲမှုတတိယအများဆုံးနိုင်ငံဖြစ်နေပြီး အိန္ဒိယရဲ့သုံးစွဲမှုနှုန်းက လျင်မြန်စွာကြီးထွားနေလို့ ၂၀၃၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံကို ကျော်တက်သွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်လို့ Reuters သတင်းဌာန က ပြောခဲ့ပါတယ်။

Ref, Reuters

image