ပရီးမီးယားလိဂ်ပြိုင်ပွဲအား ကမ္ဘာ့အကောင်းဆုံးလိဂ်အဖြစ်မှ ဖယ်ရှားလာနိုင်စေတဲ့ အငြင်းပွားဖွယ် စည်းမျဉ်းအား ပြဌာန်းလာနိုင်
====================
ပရီးမီးယားလိဂ်ပြိုင်ပွဲအား အခြားဥရောပထိပ်သီးလိဂ်ကြီးများနှင့် ရင်ဘောင်မတန်းနိုင်အောင် လုပ်ဆောင်လာနိုင်တဲ့ အငြင်းပွားဖွယ် စည်းမျဉ်းစည်းကမ်းသစ်အား ပြဌာန်းလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ လာမယ့်လတွင် အသုံးစရိတ်လုပ်ခကန့်သတ်မယ့် စည်းမျဉ်းစည်းကမ်းအား ပြဌာန်းရေး မဲပေးဆုံးဖြတ်လာကြတော့မှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် ၂၀ တို့ဟာ နိုဝင်ဘာလတွင် အသုံးစရိတ်ကန့်သတ်မယ့်စည်းမျဉ်းကို မဲပေးလာကြမှာပါ။
Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ ယင်းအငြင်းပွားဖွယ်စည်းမျဉ်းသစ်ကြောင့် ကလပ်များအနေဖြင့် ရုပ်သံလွှင့်ခဝင်ငွေနှင့် ဆုကြေးငွေတို့ကိုသာ လုပ်ခအဖြစ် အသုံးပြုလာနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ယင်းကဲ့သို့ အသုံးစရိတ်လုပ်ခ ကန့်သတ်လာမှုက ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မှုအပေါ် အကြီးအကျယ် ရိုက်ခတ်လာနိုင်မှုနှင့်အတူ ကလပ်အချို့တို့က ကန့်ကွက်နေကြပါတယ်။
အထူးသဖြင့် မန်ချက်စတာအခြေစိုက်ကလပ်များဖြစ်ကြတဲ့ မန်စီးတီးနှင့် ယူနိုက်တက်တို့က ယင်းစည်းမျဉ်းကြောင့် ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဘွဲ့ကို ဆုံးရှုံးလာရနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
ဒါ့အပြင် ယင်းသို့ လုပ်ခအသုံးစရိတ်ကန့်သတ်မှုနှင့်အတူ လိဂ်ရဲ့ စူပါစတားကစားသမားများ အခြားလိဂ်သို့ ပြောင်းရွှေ့လာနိုင်ပါတယ်။
တဖက်တွင် ယင်းစည်းမျဉ်းက တန်းတက်အသင်းများအတွက် ပိုမို အခက်တွေ့လာနိုင်တယ်လို့လည်း ယုံကြည်နေပါတယ်။
ကလပ်များအနေဖြင့် ယင်းစည်းမျဉ်းသစ် ပြဌာန်းလာချိန်တွင် ချိုးဖောက်မှု ပြုလုပ်ပါက ရမှတ်လျှော့ချခြင်းခံလာပါမယ်။
ကလပ်များဟာ ယင်းစည်းမျဉ်းချိုးဖောက်လျှင် ရမှတ် ၆ မှတ်လျော့ချခံရမှာဖြစ်ပြီး ထပ်ဆောင်းအနေဖြင့် ပေါင် ၆.၅ သန်း အပိုသုံးစွဲမှုတိုင်းအတွက် ရမှတ် ၁ မှတ်စီ ထပ်ဆောင်းကျခံရပါဦးမယ်။
ယခုကဲ့သို့ အသုံးစရိတ်ကန့်သတ်မှုနှင့်အတူ ပရီးမီးယားလိဂ်မှာ ထိပ်တန်းစူပါစတားများအား ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့ကဲ့သို့ ထိပ်သီးများနှင့် အပြိုင်ခေါ်ယူရာတွင် နစ်နာလာမှာ ဖြစ်သလို ရှိရင်းစွဲ စူပါစတားများဖြစ်ကြတဲ့ အာလင်းဟာလန်း၊ မိုဟာမက်ဆာလက်တို့မှာလည်း အခြားလိဂ်သို့ ပြောင်းရွှေ့လာနိုင်ပါတယ်။
ယင်းသို့ စူပါစတားများ မရှိပါက ပရီးမီးယားလိဂ်ရဲ့ ရုပ်သံဝင်ငွေကိုပါ ရိုက်ခတ်လာနိုင်တဲ့အပြင် အပြောင်းအရွှေ့လုပ်ဆောင်မှုကိုလည်း ထိခိုက်လာနိုင်ပါတယ်။
