လီဗာပူးစတားဆိုဘိုဆလိုင်းအပေါ်တွင် ကတိတည်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကတိအတိုင်း သူ့ရဲ့ ပေါ်တူဂီအင်္ကျီအား ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းအား အမှတ်တရလက်ဆောင်ပေးခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ စက်တင်ဘာလတုန်းက ဟန်ဂေရီတွင် ကစားတဲ့ပွဲမှာ ဆိုဘိုဆလိုင်းက အင်္ကျီတောင်းဆိုလာချိန်တွင် အင်္ကျီအား အခြားသူတစ်ဦးအား ပေးထားပြီးဖြစ်လို့ စိတ်ပျက်စွာ ငြင်းဆိုခဲ့ရပါတယ်။
ပေါ်တူဂီတို့ ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ခရစ္စတီယာနိုရော်နယ်ဒိုက "မင်းကို အိမ်ကွင်းအင်္ကျီပေးမယ်။ သေချာတယ်။ ပေါ်တူဂီမှာ။ အိုကေလား"လို့ ပြောဆို ကတိပေးခဲ့ပါတယ်။
အင်္ဂါနေ့ လစ္စဘွန်းတွင် ပေါ်တူဂီနှင့် ဟန်ဂေရီတို့ ပြန်လည်ထိပ်တိုက်တွေ့ဆုံတဲ့ပွဲအပြီးမှာတော့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကတိအတိုင်း အိမ်ကွင်းအင်္ကျီအား ဆိုဘိုဆလိုင်းကို အမှတ်တရပေးခဲ့ပါတယ်။
၂ ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုက ၂ ဂိုးသွင်းခဲ့ပြီး ဆိုဘိုဆလိုင်းက ဟန်ဂေရီတို့ ရမှတ်တစ်မှတ် ရရှိစေမယ့် ချေပဂိုးအား အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။
ပေါ်တူဂီဟာ ဟန်ဂေရီနှင့် သရေကျမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး လာမယ့်လအထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲအပြီးမှာတော့ ကတိအတိုင်း ဆိုဘိုဆလိုင်းကို အမှတ်တရ အင်္ကျီပေးခဲ့ပါတယ်။
ဟန်ဂေရီဟာ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးမှ ပေါ်တူဂီနှင့် ၅ မှတ်ကွာဟနေကာ ပလေးအော့ဖ်မှတဆင့် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် မျှော်လင့်နိုင်ပါသေးတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဟန်ဂေရီနှင့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၄၁ ဂိုးဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာသလို နိုင်ငံတကာဂိုး ၁၄၃ ဂိုးအထိ သွင်းယူထားပြီး ဖြစ်လာပါတယ်။
