အရန်ကစားသမား ၆ ဦးအထိ တိုးမြှင့်လဲလှယ်ခွင့်ပေးရေး ဥရောပထိပ်သီးကလပ်များ ဆွေးနွေး
=====================

ပရီးမီးယားလိဂ်ကလပ်အချို့အပါအဝင် ဥရောပထိပ်သီးကလပ်များဟာ ကစားသမားများရဲ့ ပွဲပန်းမှု လျှော့ချနိုင်ရေးအတွက် တစ်ပွဲလျှင် ကစားသမား ၆ ဦးအထိ လူစားလဲလှယ်ခွင့်ပေးရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဥရောပကလပ်များအဖွဲ့ချုပ်မှ အဖွဲ့ဝင်များဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရောမတွင် ပြုလုပ်တဲ့ နှစ်စဉ်အစည်းအဝေးတွင် ဘောလုံးပွဲများနှင့်ပတ်သက်ပြီး‌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဥရောပကလပ်များအဖွဲ့ချုပ်ဟာ အသင်းလူစာရင်းကို ၂၅ ဦးမှ ၂၈ ဦးအထိ တိုးမြှင့်ခြင်း၊ လူစားလဲလှယ်မှုကို ၆ ဦးအထိ တိုးမြှင့်ရေးတို့နှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းမျှသာဖြစ်ပြီး တရားဝင်အသုံးပြုနိုင်ရေး တွန်းအားပေးမှု ပြုလပ်လာခြင်း မဟုတ်ပါဘူး။

အီတလီတွင် ပြုလုပ်တဲ့ အစည်းအဝေးသို့ မန်စီးတီး၊ လီဗာပူး၊ ယူနိုက်တက်၊ အာဆင်နယ်၊ နော်တင်ဟမ်ဖောရက်စ်တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါတယ်။

ဥရောပကလပ်များအဖွဲ့ချုပ်ရဲ့ ဆွေးနွေးမှု ပြုလုပ်လာတဲ့ အပြောင်းအလဲများကို ဘောလုံးစည်းမျဉ်းစည်းကမ်းပြောင်းလဲတဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့က အတည်ပြုမှု လိုအပ်ပါသေးတယ်။

ယခင်တုန်းက ဘောလုံးပွဲများတွင် လူစားလဲလှယ်မှုကို ၃ ဦးအထိသာ ပြုလုပ်ခွင့်ပြုခဲ့ပြီး ကိုဗစ်ကာလအတွင်း တံခါးပိတ်ကစားစဉ် ကစားသမား ၅ ဦးအထိ တိုးမြှင့်လဲလှယ်ခွင့်ပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၂၀ ခုနှစ် မေလတွင် ကစားသမား ၅ ဦးလူစားလဲလှယ်ခွင့်ပေးခဲ့ပေမယ့်လည်း ကိုဗစ်အလွန် ၂၀၂၀-၂၁ ရာသီမှာတော့ ကစားသမား ၃ ဦးသာ လူစားလဲလှယ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၂-၂၃ ရာသီမှ စတင်ကာ ကစားသမား ၅ ဦးလူစားလဲလှယ်ခွင့်ပေးတဲ့ စနစ်ကို အသုံးပြုလာပါတယ်။

ကစားသမား ၆ ဦးလူစားလဲလှယ်မှုပေးတဲ့ စနစ်ကိုလည်း အသုံးပြုနေပြီး ယင်းထပ်ဆောင်းလူစားလဲလှယ်မှုအား ဦးခေါင်းဒဏ်ရာရရှိမှုမျိုး ကြုံမှသာ အသုံးပြုနိုင်ပါမယ်။

ကလပ်များဟာ ကစားသမားများဘက်က ပွဲဆက်များကာ ကျန်းမာရေးထိခိုက်လာနိုင်မှုတို့ကြောင့် သပိတ်မှောက်ရေး စီစဉ်လာမှုနှင့်အတူ ယခုကဲ့သို့ ပွဲပန်းမှု လျှော့ချရေးတစ်ရပ်အနေဖြင့် လူစားလဲလှယ်မှုတိုးမြှင့်ခြင်း၊ အသင်းလူစာရင်းတိုးမြှင့်ခြင်းတို့ဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြတာပါ။

ပြီးခဲ့တဲ့ရာသီတုန်းက စပါးစ်နောက်ခံလူအာချီဂရေးမှာ ကလပ်နှင့် နိုင်ငံတို့ရဲ့ ပွဲ ၈၀ တို့တွင် လူစာရင်းမှာ ပါဝင်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်စတားအာဒါဂူလ်လာနှင့်အတူ လူစာရင်းတွင် အများဆုံးပါဝင်သူအဖြစ် ပူးတွဲ ရပ်တည်ခဲ့ပါတယ်။

အသက် ၁၉ နှစ်ရှိ ဂရေးဟာ စပါးစ်နှင့်အတူ ယူရိုပါလိဂ်ဖလား ရရှိရာမှာ ပါဝင်ခဲ့ကာ ၄၈ ပွဲကစားခဲ့ရသလို အင်္ဂလန်နှင့်အတူ ယူရို ယူ-၂၁ ချန်ပီယံဖြစ်ရာတွင်လည်း အဓိကနေရာမှ ပါဝင်ကစားခဲ့ရပါတယ်။

image