ဒီမိုကရေစီစနစ်ဆိုသည်မှာ သုံးတတ်ပါက နိုင်ငံနှင့်ပြည်သူတို့အတွက် အကျိုးရှိမည် ဖြစ်သော်လည်း မသုံးတတ်ပါက ယင်းစနစ် မအောင်မြင်သည့်အပြင် နိုင်ငံဖြစ်တည်မှုကို ဆုံးရှုံးသွားနိုင်ကြောင်း ယာယီသမ္မတ ပြောကြား
အောက်တိုဘာ ၁၅
ဒီမိုကရေစီစနစ်ဆိုသည်မှာ သုံးတတ်ပါက နိုင်ငံနှင့်ပြည်သူတို့အတွက် အကျိုးရှိမည် ဖြစ်သော်လည်း မသုံးတတ်ပါက ယင်းစနစ် မအောင်မြင်သည့်အပြင် နိုင်ငံဖြစ်တည်မှု၊ လူမျိုး၊ ဘာသာတရား၊ ယဉ်ကျေးမှုများကို ဆုံးရှုံးသွားနိုင်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ယနေ့ ကျင်းပသည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
လက်ရှိနိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် တိုင်းရင်းသား ညီအစ်ကို မောင်နှများအနေဖြင့် ဒီမိုကရေစီ၏ ကျင့်စဉ်အရ လူနည်းစု၏ဆန္ဒကို အလေးထားတန်ဖိုးထားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ထူထောင်ရန်နှင့် ဒီမိုကရေစီစနစ် မယိုင်လဲစေရန်အတွက် ဒီမိုကရေစီစိတ်ဓာတ်၊ စည်းကမ်းစနစ်ကျသည့် ဥပဒေများကို လေးစားတန်ဖိုးထားလိုက်နာသည့် မြန်မာ့လူဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ဒီမိုကရေစီဆိုတာ သုံးတတ်ရင် နိုင်ငံနဲ့ပြည်သူတို့အတွက် အကျိုးရှိမှာဖြစ်သော်လည်းပဲ မသုံးတတ်ပါက ယင်းစနစ်မအောင်မြင်တဲ့အပြင် မိမိနိုင်ငံရဲ့ ဖြစ်တည်မှု၊ လူမျိုး၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားနိုင်တာကိုလည်း သတိပြုကြရမှာပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုအားလုံးက အသိတရား၊ သတိတရားများနဲ့ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများနှင့် လူမျိုးစုများ စုစည်းဆက်သွယ်ပြီး လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောတရားဖြစ်သည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင်လည်း ပေါင်းစည်းနေထိုင်းခြင်းနှင့် မျှဝေခံစားခြင်းနှင့်အတူ တိုင်းရင်းသားပြည်သူလူထုနှင့် ပြည်ထောင်စုတို့၏ အကျိုးကို ရေရှည်ကြည့်ပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့်ပုံစံကို တည်ဆောက်သွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
“လိုအပ်တဲ့ တိုင်းရင်းသား အခွင့်အရေးများ နိုင်ငံရေးတောင်းဆိုမှုများအရ ပြင်ဆင်ဖို့ လိုအပ်တာတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်ခိုင်မာမာရပ်တည်ပြီး မမှိတ်မသုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားလိုပါတယ်” ဟု ယာယီသမ္မတက ဆက်လက် ပြောကြားသည်။
Credit - MT News Agency
#centtalnewsnaypyitaw


