နေပြည်တော်မှာ အိုးဝေသမားကိုသတ်ပြီး ပစ္စည်းလုယက်မှုဖြစ်
အောက်တိုဘာ ၁၅
နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာအနီးမှာရှိတဲ့ Top Star ဆီဆိုင်ရှေ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ညပိုင်း ၈ နာရီကျော်လောက်က အိုးဝေမောင်းတဲ့အမျိုးသားတယောက် ဓားနဲ့ထိုးသတ်ခံရပြီး ပစ္စည်းလုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မြို့မစျေးကနေ ခရီးသည်တင်ဆောင်ကာပြန်လာစဥ် လမ်းမှာ လည်ပင်းကို ဓားနဲ့သုံးချက် ထိုး အသတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
" ညပိုင်းပြန်လာတော့ အိုးဝေသမားက ဆီဆိုင်ရှေ့မှာ အိုးဝေရပ်ပြီး အသိတယောက်နဲ့စကားရပ်ပြောချိန် လူလေးယောက်ရောက်လာပြီး ပစ္စည်းလုပြီး လူကိုဓားနဲ့ထိုးသွားတာပါ။အိုးဝေသမားက ဆေးရုံရောက်မှ ဆုံးသွားတာပါ။ " လို့ သုခတော်ဝင်အိမ်ယာ နေထိုင်သူတယောက်ကပြောပါတယ်။
အသတ်ခံခဲ့ရတဲ့ အိုးဝေယာဥ်မောင်းအမျိုးသားကတော့ ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက်၊ သစ္စာ(၃၀)လမ်းမှာ နေထိုင်သူ ကိုအောင်အောင်ဆိုသူဖြစ်ပြီး မိသားစုနဲ့လည်းအဆက်အသွယ်ရရှိထားတယ်လို့သိရပါတယ်။
လက်ရှိမှာ အိုးဝေသမားကိုသတ်ပြီး ဖုန်းနဲ့ ပစ္စည်းကိုလုယက်သွားတဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်နေပြီး ယခုအထိတော့ ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
ယခုနောက်ပိုင်း နေပြည်တော် ကောင်စီနယ်မြေထဲက ဇမ္ဗူသီရိမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ ဆိုင်ကယ်တွေစီးနင်းသူတွေ ကို မကြာခဏ ဓားထောက် လုယက်မှုတွေ ဖြစ်ပွားလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
" လူပြတ်တဲ့လမ်းတွေဆို နေ့ဘက်တောင် မသွားရဲဘူး။အဖွဲ့လိုက် လူများမှဘဲ သွားရဲတယ်။ အခုက လုရင် ဓားနဲ့ထောက်လုတာ။ညမ သူငယ်ချင်းဆိုရင် ဓားနဲ့ထောက်ခံပြီး ဆိုင်ကယ်ရော၊ဖုန်း ၊ပိုက်ဆံအိတ်၊ ဝတ်ထားတဲ့ရွှေ အကုန်ယူသွားတာ။စျေးကဝယ်လာတဲ့ ပစ္စည်းတောင်ယူသွားတယ်။" လို့ နေပြည်တော် ၊ ဥတ္တရသီရိမှာ နေထိုင်သူတယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းကလည်း ဇမ္ဗူသီရိမြို့နယ်မှာJunction စျေးဝယ် စင်တာ နောက်လမ်းမှာရှိတဲ့ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်ကိုလုယက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၁၆ ရက်ကလည်း နေပြည်တော် ၊ဥတ္တရသီရိမြို့နယ်မှာ သပြေကုန်းကျေးရွာရှိ လေးကျွန်းမဏ္ဍိုင်ဘုန်းကြီးကျောင်းက ကပ္ပိယဖြစ်သူ ဦးလှဝင်းဆိုသူလည်း အသတ်ခံရပြီး ဖုန်းနဲ့ငွေလုယက်ခံခဲ့ရတဲ့အပြင် အလောင်းပါစွန့်ပစ်ခံခဲ့ရပါတယ်။အဲဒီအမှုမှ တရားခံတွေကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ - ဒေသခံ
Credit - Voice of Myanmar
#သတင်းဟင်းလေးအိုးကြီး
