ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော
***********************************
(ပတ်ဝန်းကျင် ဆောင်းပါး)
မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းနယ်မြေများ၊ရေဝေဒေသများအပါအဝင်အာဆီယံအမွေအနှစ်စာရင်းဝင်နေရာများ၊အမျိုးသားဥယျာဥ်များ၊ ရုက္ခဗေဒဥယျာဥ်များရှိပါသည်။ အာဆီယံအမွေအနှစ်နေရာ ရှစ်ခုရှိပြီး၊အမျိုးသားဥယျာဥ်နှင့်ရုက္ခဗေဒဥယျာဥ် စုစုပေါင်း ၅၉ ခုရှိကြောင်းသိရသည်။တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၈ ခုက အာဆီယံအမွေအနှစ်များဖြစ်သည်။ထိုတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ၌ ကမ္ဘာ့ရှားပါးတောရိုင်းတိရစ္ဆာများရှင်သန်ကျက်စားရာနေရာများလည်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟုလည်းခေါ်ကြပါသည်။ထမံသီဘေးမဲ့တောသည် မြောက်လတ္တီတွဒ် ၂၅ ° ၂၅ 'အရှေ့လောင်ဂျီတွဒ် ၉၅° ၃၂ 'အကြားတည်ရှိပါသည်။
အဆိုပါဘေးမဲ့တောများအနက် ထမံသီဘေးမဲ့တောလည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ထမံသီဘေးမဲ့တောသည်အမြဲစိမ်းတောဖြစ်သဖြင့် အမေဇုန်မိုးသစ်နောကြီးနှင့်ပင်တူလှသည်။အမြဲတမ်းစိမ်းလန်းစိုပြေနေသည်။ထမံသီဘေးမဲ့တောကို ၁၉၇၄ ခုနှစ်၊မေလက တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်သတ်မှတ်ခဲ့ပြီး၊၁၉၉၄ ခုနှစ်၊စက်တင်ဘာလ ၁ ရက်နေ့၌ ဟုမ္မလင်းအုပ်ချုပ်ရေးရုံးကိုဖွင့်လှစ်ကာတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့သည်။ထမံသံဘေးမဲ့တောကို အာဆီယံအမွေအနှစ်အဖြစ် ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ ၈ ရက်နေ့က အတည်ပြုသတ်မှတ်ခဲ့ပါသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စစ်ကိုင်းတိုင်း၊ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်တို့အတွင်းတည်ရှိသည်။အကျယ်အဝန်းမှာ ၅၃၄၅၆ ဧကရှိသည်။အဆိုပါဘေးမဲ့တောအတွင်း၌ ကမ္ဘာ့ရှားပါးမျိုးစိတ်အဖြစ်သတ်မှတ်ခံထားရသည့် ဘင်္ဂလားကျားများရှိပါသည်။၂၀၁၆ မှ ၂၀၂၃ အထိစစ်တမ်းများအရ ထမံသီဘေးမဲ့တော၌ ဘင်္ဂလားကျားအကောင်ရေ ၂၀ ခန့်ရှိကြောင်းသိရသည်။ကမ္ဘာပေါ်တွင်ကျားမျိုးစိတ်များရှိသောနိုင်ငံ ၁၃ နိုင်သာရှိသည်ဟုသိရသည်။ထို ၁၃ နိုင်ငံ၌စာရေးသူတို့မြန်မာနိုင်ငံလည်းပါဝင်ပါသည်။မြန်မာနိုင်ငံမှာလည်း ကျားများကျက်စားရာနေရာသည် ၃ နေရာသာရှိတော့သည်။
ယင်းနေရာများမှာ ဟူးကောင်းချိုင့်ဝှမ်း၊တနင်္သာရီတောင်တန်းဒေသနှင့်ယခုထမံသီဘေးမဲ့တောတို့ဖြစ်သည်။ထမံသီတောသည် ရှေးကပုံပြင်ဇာတ်လမ်းတွေထဲတွင် ကြားဖူးခဲ့သော ထိန်းသိမ်းရမည့် သဘာဝအမွေအနှစ်တစ်ခုလည်း ဖြစ်ပါသည်။
ထို့ပြင်အခြားသောမျိုးသုဥ်းလု အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် တိရစ္ဆာန်များလည်းရှင်သန်ကျက်စားလျက်ရှိပါသည်။ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စာရေးသူတို့နိုင်ငံရှိ အကြီးဆုံးဘေးမဲ့တောများအနက် တစ်ခုဖြစ်သည်။အဆိုပါဘေးမဲ့တောကြီးသည်ရှိနေခြင်းသည် နိုင်ငံ၏ရတနာသိုက်ကြီးနှင့်ပင် တူပါသည်။သစ်တောထွက်ပစ္စည်းများဖြစ်သည့် ဆေးဝါးများ
နှင့်ပန်းမျိုးစိတ်များကိုအသုံးပြုနိုင်သည်။ဆေးဖက်ဝင်အပင်များရှိခြင်းကြောင့်ဆေးဝါးများကိုလည်းထုတ်လုပ်နိုင်သည်။သစ်တောအတွင်းမြစ်၊ချောင်း၊အင်း၊အိုင်များကြောင့် ဒေသငါးမျိုးရင်းများကိုရှာဖွေသုတေသန ပြုလုပ်နိုင်သည်။ထို့ပြင်သစ်တောထွက်ပစ္စည်းများကိုတန်ဖိုးမြင့်ထုတ်ကုန်များပြုလုပ်နိုင်သည်။ရှားပါးသောတိရစ္ဆာန်များရှိနေခြင်းကြောင့်လည်းနိုင်ငံအတွက်ဂုဏ်တက်စေသည်။ဘေးမဲ့တောအပါဝင် သစ်တောများသည် ရာသီဥတုကိုလည်းမျှတစေပြန်သည်။ထို့ကြောင့်ဘေးမဲ့တောများသည်လူသားများအပါအဝင် သက်ရှိသတ္တဝါများအတွက် များစွာအကျိုးဖြစ်စေသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌
နို့တိုက်သတ္တဝါ ၅၇ မျိုး၊ငှက်မျိုးစိတ် ၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ကုန်းနေရေနေတွားသွားသတ္တာဝါ ၇၇ မျိုး၊အပင်မျိုးစိတ် ၄၃၂ မျိုး၊နေးဖက်ဝင်သည့်အပင် ၁၉ မျိုး၊ရေနေအပင် ၂၃ မျိုး၊ မြက် ၁၈ မျိုး
နှင့်သစ်ခွ ၁၆ မျိုးတို့ ကျက်စားရှင်သန်ပေါက်ရောက်နေကြသည်။ ထို့ပြင်အဆိုပါဘေးမဲ့နောအတွင်း၌ ပြောင်နှင့်မျောက်၊ဝက်ဝံ၊ကျားသစ်မျိုးစိတ်များကိုလည်းတွေ့နိုင်သည်။ထမံသီတောသည်အမြဲစိမ်းတောမျိုးဖြစ်ပြီး ထိုတောထဲတွင် တောဘဲမန်ဒါလီ၊ အာရှဆင်၊ မျောက်လွှဲကျော်၊
မျောက်မျက်ခုံးဖြူ၊ရေဗလုတ်များ ကျက်စားကြသည်။
ဆူမားတြားကြံ့နှင့်ဂျာဗားကြံ့မျိုးစိတ်များမှာမူ ၁၉၈၀ ခုနှစ်လောက်က မျိုးသုဥ်းသွားသည်ဟုသိရသည်။ထို့ပြင်ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ဟိမဝန္တာဝက်ဝံ၊တောဝက်များ၊
ချေ၊ဆတ်စသည်တို့ကိုလည်းတွေ့ရသည်။
အဆိုပါထမံသီတောတွင်းရှိ တိရစ္ဆာန်များ မျိုးမသုဥ်စေရန် သစ်တောများကို ထိန်းသိမ်းဖို့လိုသလို တောတွင်းတိရစ္ဆာန်များကို အမဲလိုက်သတ်ဖြတ်မှုများကိုလည်း လုံးဝ မပြုလုပ်ဖို့လိုပါသည်။ တောတွင်းရှိချောင်းများကိုလည်း ရေစီးရေလာကောင်းအောင်စောင့်ရှောက်ကြရပါမည်။ ချောင်းတွင်း ရှော့တိုက်ငါးဖမ်းခြင်းကိုလည်းမပြုလုပ်ဖို့လိုသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည်မြန်မာနိုင်ငံ၏အမြဲစိမ်းတောတစ်ခုဖြစ်သည်။ ထို့ကြောင့်အမေဇုန်တောနှင့် ခိုင်းနှိုင်းကြခြင်းဖြစ်သည်။ စာရေးသူတို့ နိုင်ငံသည် သဘာဝအလှအပများကြွယ်ဝသည်။ သဘာဝဘေးမဲ့တောများသည်လည်း သဘာဝအလှများရှိသောနေရာမျိုးဖြစ်သည်။ပြည်တွင်း ပြည်ပမှခရီးသွားများကိုဖိတ်ခေါ်နေသယောင်ပင် ဖြစ်ပါသည်။သွားရောက်လေ့လာသင့်သောနေရာလည်းဖြစ်သည်။ ထမံသီဘေးမဲ့တော၌ ရှားပါတိရစ္ဆာန်များရှိခြင်းကြောင့် ဝါသနာအလျှောက် သုတေသနလုပ်ငန်းများကိုလုပ်ကိုင်ရန်သွားရောက် လေ့လာနိုင်သည်။ဗဟုသုတအဖြစ်လည်း လေ့လာနိုင်သလို ဇီဝမျိုးစုံမျိုးကွဲများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။တောတွင်းခရီးသွားလာပြီး ဒေသခံများဖြစ်ကြသည့် ရှမ်းနီ
နှင့်နာဂတိုင်းရင်းသားတို့၏ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်းလေ့လာနိုင်ပါသည်။ထို့ပြင်ထမံသီဘေးမဲ့တောသင်တန်းနှင့်သုတေသနစင်တာတို့ကို လည်ပတ်နိုင်သည့်အပြင် ထမံသီဘေးမဲ့တော၏သဘာဝအလှကိုလည်းတဝကြီးခံစားနိုင်မည်ဖြစ်သည်၊
credit: winnetmyanmar


