#ဆေးခါးကြီး (#ငရုတ်ခါး)

ရေတံခွန်တောင်ပေါ် ရောက်တော့ အပင်ပုံတွေထပ်ရိုက်ဖြစ်တယ်
ဆေးခါးကြီးပင်ဆိုရင် လူတိုင်း ရင်းရင်းနှီးနှီးသိကြတယ်။ အရိုင်းပင် အနေနဲ့ တော့ တွေ့ရတာ မဟုတ်ပါဘူး၊ အိမ်တွေမှာ တမင် စိုက်ထား သော စိုက်ပျိုးပင်အနေနဲ့ သာတွေ့ကြရမှာပါ၊ အပင်ရဲ့ ခါးသက်မှုက ဘယ်လောက်တောင် ခါးသလဲ့ဆိုရင် အပင်အမည်ကိုတောင် အခါးတကာတို့ရဲ့ဘုရင် Great king of bitter လို့ ပေးထားတာသာ ကြည့်ပေရော့၊
Taxonomic Descriptions
ဆေးခါးကြီးပင်ဟာ တနှစ်ခံပင်ပြော့ annual herbs ဖြစ်ကာ ၂ ပေသာသာ မြင့်တယ်၊ အကိုင်းအခက်များ က သေးသွယ်ပြီး လေးထောင့်ရှိပါတယ်၊ သေးငယ်အဖြူရောင် အမွှေးလေးတွေ ဖုံးထားတယ်၊ အရွက်တွေ သေးသွယ် သော အီလစ်ပုံစံ elliptic oblong ပုံစံရှိတယ် ၊ရွက်ဆိုင်ထွက်ပြီး dark green colour ရှိတယ်၊ ရွက်စွယ် မရှိဖူး၊
ပန်းခိုင်ကတော ကြားထွက် axillary or terminal ထိပ်ထွက် ပန်းခိုင်ပေါင်း panicle ဖြစ်တယ်၊ ပန်းခိုင် ပုံစံအရ မျိုးစိတ် အမည်ကို paniculata ပေးခဲ့ခြင်းဖြစ် ပါတယ်၊ အဖြူရောင် ပန်းပွင့်လေးတွေက သေးငယ်လှတယ်၊ 5 mm လောက် အချင်းရှိကြတယ်၊ လိင်စုံ bisexual ၊ ၂ ချမ်းညီ zygomorphic၊ ၅ အင်္ဂါဆ pentamerous ၊ အထက် တည်မပွင့် hypogynous ဖြစ်တယ်၊
ပွင့်ဖတ်အုံ calyx က ခွက်ပုံ campanulate ဖြစ်ကာ ထိပ်ဝမှာ အဝိုက်၅ ခုပါတယ်၊ ပွင့်ချပ်အုံ corolla ကတော့ အထူးခြား ဆုံး bilabiate နှုပ်ခမ်းကွဲ ပုံရှိတယ်၊ အပေါ်ဖက် lobe မှာ အဝိုက် ၂ ခုပါပြီး အောက်ဖက်မှာ အဝိုက် ၃ ခုပါတယ်၊ ဝတ်ဆံဖို stamens 2 ခုသာပါပြီး အပြင်ဖက်ကို သိသိသာသာ ထွက်လို့ နေတယ်၊ ပွင့်ချပ်အုံပြွန်ကို တွယ်ကပ် နေတယ်၊ အသီးက အက်ကွဲသီး capsules ဖြစ်ပြီး အဝါရောင် အစေ့ ၇ စေ့မှ ၁၄ စေ့အထိပါပါတယ်။
ဆေးဝင်ပုံ
အရှင်နာဂသိမ် ဆေးကျမ်းတွင် ဆေးခါးကြီး၏ ဂုဏ်နှင့်စွမ်းရည်မှာ ဝမ်းမီးကိုတောက်စေ၏၊ ဝဖြိုးစေ၏၊ အဖျားကို ပျောက်စေတတ်သော ဂုဏ်ရှိ၏၊ ခေါင်းကိုက်ခြင်း ၊ အစာမကြေခြင်း၊ ဝမ်းသက်ခြင်း တိုကိုပျောက်စေ၏၊ လို့ဆိုထားပါတယ်။
မြန်မာ့ဆေးဝင်ပင်များ၏ ဖော်ပြထားချက်များကို ကိုးကားရလျှင်
ဆေးဝင်အင်္ဂါများမှာ အရွက် နှင့် ပဉ္စငါးပါးဖြစ်သည်။
အာနိသင်
မြန်မာဆေးကျမ်းများအလိုအရ အေး ခါး အရသာ ရှိသည်။ သလိပ်နှင့် သည်းခြေကို နိုင်၏။ အဆီမရှိ လေကို ပျက်စေ တတ်၏။ ၀မြးမီးကို တောက်စေ ၏ ။ အဖျားကို ပယ်ဖျောက် စေတတ်၏။ ကလေးများအတွက် အထူးကောင်း၏။
အရွက်အသုံးပြုပုံ
၁။ အရွက်ကို အဖျားဖြတ်ဆေး၊ အဆိပ်ဖြေဆေး၊ သည်းခြေဆေး၊ လျှာပွတ်ဆေး တို့တွင် ထည့်သွင်းအသုံးပြုသည်။
ပဉ္စငါးပါးအသုံးပြုပုံ
၁။ ပဉ္စငါးပါးကို အဖျားကျဆေး၊ အားတိုးဆေး၊ လေကြေဆေးအဖြစ် ဖော်စပ် အသုံးပြုသည်။
၂။ အရည်ကျိုသောက်ခြင်းဖြင့်ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း၊
ဝမ်းသက်ခြင်း၊ လေထိုးခြင်း နှင့် အဖျားရောဂါကို ပျောက်ကင်းစေသည်။
၃။ ဆေးခါးကြီးရည်တွင် ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် ၃ မျိုး အမှုန့်ပြု ထည့်သောက်ပါက သွေးဖျဉ်း၊ လေဖျဉ်း၊ နူနာ၊ ခေါင်းကိုက် နှင့် ဇက်ထိုး မူးဝေသော ရောဂါများ ပျောက်၏။
ရုက္ခဗေဒဘာသာရပ်မှာ အလွန် ထင်ရှားသည့် ဆေးဝင်ပင်ဖြစ်သော်လည်း အနီးကပ်ရင်းရင်းနှီးနှီးတွေ့ဖူးသူနဲလှတာမို့ ပြနလည်တင်လိုက်ပါတယ်၊ အရွက်ကို ဝါးမစားဖို့တော့ သတိပေးပါရစေ...

imageimage