တောင်အာဖရိက၊ အိုင်ဗရီကို့စ်နှင့် ဆီနီဂေါတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာ

အောက်တိုဘာ ၁၅

တောင်အာဖရိကဟာ နိုင်ဂျီးရီးယားနှင့် ဘီနန်တို့အား ကျော်ဖြတ်ကာ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက် ၂၀၁၀ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။

အစောပိုင်းတုန်းက ဘီနန်ဟာ နောက်ဆုံးပွဲမတိုင်မီ တောင်အာဖရိကကို ၂ မှတ်၊ နိုင်ဂျီးရီးယားကို ၃ မှတ်ဖြတ်ထားတာကြောင့် ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး အခြေအနေကောင်းနေခဲ့တာပါ။ ဒါပေမယ့် ဘီနန်ဟာ အဝေးကွင်းမှာ နိုင်ဂျီးရီးယားကို ၄-၀ ဂိုးဖြင့် အရေးနိမ့်ကာ တတိယနေရာမှာသာ ရပ်တည်ကာ ပလေးအော့ဖ်နေရာတောင် မရယူနိုင်ခဲ့ပါဘူး။

တဖက်တွင် တောင်အာဖရိကဟာ အိမ်ကွင်းတွင် ရဝမ်ဒါကို ၃-၀ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးနေရာကို ရယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာခဲ့ပါတယ်။

ဒါ့အပြင် အိုင်ဗရီကို့စ်နှင့် ဆီနီဂေါတို့ဟာ အင်္ဂါနေ့ ပွဲစဉ်တွင် နိုင်ပွဲ အသီးသီး ရယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။

ဆီနီဂေါက မူရီတာနီယာကို ၄-၀ ဂိုးဖြင့် အနိုင်ယူကာ အုပ်စုဗိုလ်နေရာကို ရယူခဲ့တာလည်း ဖြစ်ပါတယ်။ ဆီနီဂေါအတွက် ဂိုးတွေကို ဆာဒေယိုမာနေးက ဖရီးကစ်ကနေ အဖွင့်ဂိုးနှင့် ဒုတိယဂိုးသွင်းပေးခဲ့တာ ဖြစ်ပြီး အန်ဒီယာယီက တကိုယ်တော်အစွမ်းဖြင့် တတိယဂိုး သွင်းခဲ့ပါတယ်။ ယင်းနောက် ဟာဘစ်ဒီရယ်လိုက စတုတ္ထဂိုးသွင်းယူခဲ့ပါတယ်။

ဒါ့အပြင် အိုင်ဗရီကို့စ်ကလည်း ကန်ညာနှင့်ပွဲတွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ အိုင်ဗရီကို့စ်အတွက် ဦးဆောင်ဂိုးတွေက ဖရန့်ကက်ဆီက သွင်းယူပြီးနောက် ဆယ်ကျော်သက်ကစားသမားယန်ဒေယိုမန်ဒီက ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အပိတ်ဂိုးကို ယူနိုက်တက်ရဲ့ အာမက်ဒီရယ်လိုက ဖရီးကစ်ကနေ ဝေ့ဝိုက်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

တောင်အာဖရိက၊ ဆီနီဂေါနှင့် အိုင်ဗရီကို့စ်တို့မတိုင်မီ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် အသင်းများအဖြစ် မော်ရိုကို၊ တူနီးရှား၊ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဂါနာ၊ ကိတ်ဗာဒီတို့ ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image