ရွယ်တူတွေကြားမှာ ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေပြီလား ။ ဒီပုံပြင်ဟောင်းလေးက သင့်ကို မယုံနိုင်စရာကောင်းလောက်တဲ့ အတွေးတစ်ခုပေးလိမ့်မယ်🤔💭

တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ဦးထုပ်ရောင်းတဲ့ ကုန်သည် တစ်ယောက်ရှိပါတယ်။ သူဟာ အပတ်စဉ် အရောင်စုံ ဦးထုပ်တွေနဲ့ ပြည့်နေတဲ့ ခြင်းတောင်းကို ယူပြီး အနီးက မြို့ကို သွားလေ့ရှိတယ်။ သူ့ဟာ ခရီးလမ်းတစ်လျှောက် အရိပ်ရတဲ့သစ်ပင်ကြီးတွေရဲ့အောက်မှာ ထမင်းစားပြီး အိပ်တတ်တဲ့အကျင့်လည်းရှိတယ်။

တစ်နေ့မွန်းလွဲပိုင်းမှာ ခရီးရှည်လမ်းလျှောက်အပြီး သူဟာ သူ့အကျင့်အတိုင်း သစ်ပင်ကြီးတစ်ပင်အောက်မှာ ခေတ္တအနားယူ၊ ထမင်းစားပြီးတော့ ခြင်းတောင်းကို ဘေးချထားရင်း အိပ်ပျော်သွားတော့တယ်။ သူမသိလိုက်တာက အဲဒီသစ်ပင်မှာ ကျီစားတတ်တဲ့ မျောက်တွေ နေထိုင်နေတယ်ဆိုတာပါပဲ။ သူဟောက်သံထွက်လာတာနဲ့ တစ်ပြိုင်နက်မျောက်တွေ ဆင်းလာကြပြီး သူ့ဦးထုပ်တွေကို သူတို့ခေါင်းမှာ စွပ်လိုက်ကြပါတယ်။

ဦးထုပ်ရောင်းသမား နိုးလာတဲ့အခါ ဦးထုပ်တွေပျောက်နေတာကို တွေ့ပြီး ထိတ်လန့်သွားခဲ့တယ်။ "ဦးထုပ်တွေ ဘယ်ရောက်သွားတာလဲ" လို့ ငိုကြွေးရင်း အသည်းအသန် ရှာဖွေတယ်။ ချက်ချင်းပဲ သစ်ကိုင်းတွေပေါ်မှာ ဦးထုပ်တွေစွပ်ထားတဲ့ မျောက်တွေကို သူမြင်လိုက်ရပါတော့တယ်။ ဦးထုပ်တွေမရှိရင် မိသားစုအတွက် ဝင်ငွေရမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့ သူအလွန်ပဲ ထိတ်လန့်သွားခဲ့တယ်။

ရုတ်တရက်ပဲ သူအကြံဉာဏ်တစ်ခုရသွားတယ်။ မျောက်တွေဟာ တုပရတာကို ကြိုက်တယ်ဆိုတာသတိရလိုက်တာကြောင့် စကားမပြောပဲ သူ့ဦးထုပ်ကို ချွတ်ပြီး မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။ သေချာကြည့်နေတဲ့ မျောက်တွေဟာ သူ့လုပ်ရပ်ကို တုပလိုက်ကြပြီး ဦးထုပ်တွေအားလုံးကို မြေကြီးပေါ်ပစ်ချလိုက်ကြပါတယ်။ ဦးထုပ်ရောင်းသမားဟာ ဦးထုပ်တွေအားလုံးကို မြန်မြန်သိမ်းယူပြီး "ငါ့အကြံဉာဏ်ကြောင့် ဒီပြသနာကို ဖြေရှင်းနိုင်ခဲ့ပြီ" လို့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။

---

အချိန်ကုန်လွန်လာတာနဲ့အမျှ ဦးထုပ်ရောင်းသမားဟာ အိုမင်းလာပြီး သူ့သားက လုပ်ငန်းကို ဆက်ခံပါတော့တယ်။ တစ်နေ့မနက် သားဖြစ်သူ မြို့ကိုခရီးထွက်မယ့်အချိန်မှာ အဖေဖြစ်သူက သူ့အတွေ့အကြုံကို မျှဝေတယ်- "ချစ်သား၊ ဂရုစိုက်နားထောင်ပါ။ မင်းသွားတဲ့လမ်းမှာ ကျီစားတဲ့ မျောက်တွေရှိတဲ့ သစ်ပင်ကြီးရှိတယ်။ မင်းအိပ်နေချိန်မှာ သူတို့က ဦးထုပ်တွေကို ခိုးသွားရင် ငါလုပ်ခဲ့သလိုပဲ မင်းဦးထုပ်ကို မြေကြီးပေါ်ပစ်ချလိုက်၊ သူတို့လည်း မင်းကိုတုပြီး ဦးထုပ်တွေပစ်ပေးလိမ့်မယ်"။ သားဖြစ်သူက ပြုံးရင်းသဘောတူပြီး ပြသနာကြုံလာရင် အဲဒီနည်းကိုအသုံးပြုမယ်လို့ ကြံရွယ်လိုက်ပါတယ်။

ယုံကြည်ချက်အပြည့်နဲ့ လူငယ်လေးဟာ ခရီးထွက်လာခဲ့တယ်။ ပူပြင်းတဲ့မွန်းလွဲပိုင်းမှာ အဖေဖြစ်သူလိုပဲ ရင်းနှီးနေတဲ့ သစ်ပင်အောက်မှာ ခေတ္တရပ်ပြီး ထမင်းစားကာ အိပ်ပျော်သွားပါတယ်။ အရင်တုန်းကလိုပဲ မျောက်တွေဟာ ဆင်းလာပြီး ဦးထုပ်တွေကို ကောက်ယူ၊ ဂုဏ်ယူစွာနဲ့ ခေါင်းပေါ်မှာစွပ်ကြပါတော့တယ်။ တချို့က ခုန်ကြ၊ တချို့က လှောင်ပြောင်ကြ၊ တချို့က လက်ခုပ်တီးကြတာပေါ့။

နိုးလာတဲ့အခါ လူငယ်လေး အံ့အားသင့်သွားပြီး"အဖေပြောတာ မှန်ပါလား။ ဒီမျောက်တွေ ငါ့ဦးထုပ်တွေ ခိုးသွားပြီ" လို့ သူကြွေးကြော်လိုက်တယ်။ အဖေ့အကြံပေးချက်ကို သတိရပြီး ယုံကြည်ချက်အပြည့်နဲ့ မျောက်တွေဆီ မျက်နှာမူရင်း"မင်းတို့ကို ငါအရှုံးပေးမှာမဟုတ်ဘူး" လို့ ပြောကာ သူ့ကိုယ်ပိုင်ဦးထုပ်ကို ချွတ်ပြီး ဟိတ်ဟန်နဲ့ မြေကြီးပေါ်ကို ပစ်ချလိုက်ပါတယ်။

သူစောင့်ကြည့်နေပေမယ့် မျောက်တွေက ငေးကြည့်နေတုန်းပါပဲ။ ထိုအခါ သူ့ကိုအံ့အားသင့်စေခဲ့တာက မျောက်တစ်ကောင် အောက်ကိုခုန်ဆင်းလာပြီး သူ့ရဲ့မျောက်စကားနဲ့ "ဟေ့ကောင်... မင်းကိုယ်မင်း တော်လှပြီလို့ ထင်နေတာလား။ မင်းအဖေက မင်းကို ဒီနည်းကိုသင်ပေးခဲ့သလို ငါတို့အဖေတွေ၊ အဘိုးတွေကလည်း ငါတို့ကို နည်းသစ်တွေ သင်ပေးခဲ့ကြတယ်" လို့ အော်ဟစ်လိုက်တာကြောင့် မျောက်အားလုံးက ရယ်မောသံတွေနဲ့အတူ သစ်ကိုင်းတွေကြားမှာ ဟိုကူးဒီကူးလုပ်ကြပါတော့တယ်။ လူငယ်လေးကလည်း ဒီမျောက်တွေဟာ သူ့ထက်တောင် ပိုပါးနပ်နေတာကို နားလည်သွားပြီး နည်းလမ်းဟောင်းတွေက အမြဲတမ်းအသုံးမဝင်ဘူးဆိုတာ နားလည်သွားပါတော့တယ်။

---

ဒီပုံပြင်လေးက အရေးကြီးတဲ့သင်ခန်းစာ တစ်ခုပေးပါတယ်- ကမ္ဘာကြီးဟာ အဆက်မပြတ် ပြောင်းလဲနေတာကြောင့် မနေ့က အလုပ်ဖြစ်ခဲ့တာဟာ ဒီနေ့မှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ အတွေ့အကြုံတွေနဲ့ အကြံဉာဏ်ဟောင်းတွေက တန်ဖိုးရှိပေမယ့် သူတို့ဟာ မပြောင်းလဲတဲ့ စည်းမျဉ်းတွေ မဟုတ်ပါဘူး။ အခြေအနေသစ်တိုင်းမှာ အတွေးသစ်၊ နည်းဗျူဟာသစ်တွေနဲ့ ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေ လိုအပ်ပါတယ်။ အတိတ်ကိုပဲ အားကိုးနေရင် ကျွန်မတို့ ရှေ့မတိုးနိုင်ပဲဖြစ်နေလိမ့်မယ်။ ဒါပေမယ့် အချိန်နဲ့အမျှ သင်ယူပြီး လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ရင် ဘယ်စိန်ခေါ်မှုကိုမဆို ကျွန်မတို့အားလုံး ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ကမ္ဘာကြီးဟာ အမြဲပြောင်းလဲနေပါတယ်၊ ဒါကြောင့်ကျွန်မတို့လည်း ခေတ်ရေစီးကြောင်းအတိုင်းအမြဲပြောင်းလဲဖို့ လိုပါတယ်။

image