ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကား ဝယ်ယူခွင့်ကြေညာချက်မှာ အတုဖြစ်

အောက်တိုဘာ ၁၄

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကား ဝယ်ယူခွင့်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ လူမှုကွန်ယက်တွင် ပျံ့နှံ့လျက်နေသော ကြေညာချက်တစ်စောင်သည် အတုဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါကြေညာချက်အတုတွင် တပ်မတော်သားအရာရှိကြီးများကို ရာထူးအဆင့်အလိုက် အချိန်ကန့်သတ်ချက်ဖြင့် အငြိမ်းစားယူရန် သတ်မှတ်ထားသည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ် ရရှိထားသော ပင်စင်ယူ ရန် (၃) နှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား(အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်အဆင့် မှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) (၅၀၁)ယောက်ကို ပြည်ပက မော်တော်ယာဉ် တင်သွင်းခွင့် ဒါမှမဟုတ် ပြည်တွင်း အရောင်းပြခန်းတွေကနေ ဝယ်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။

ပင်စင်ယူဖို ၃ နှစ်အလိုဖြစ်တဲ့ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား(လက်ထောက်ညွှန်ကြားရေးမှူးအဆင့် မှရုံးအကူအဆင့်ထိ နိုင်ငံဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) (၄၀၄၉) ယောက်ကို ပြည်တွင်းတွင် SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့် ပြုမည်ဟု ဖော်ပြထားသေးသည်။

အဆိုပါ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်း များအား မော်တော်ယာဉ်ဝယ်ယူခွင့်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လတ်တလောထုတ်ပြန်ထားခြင်း မရှိကြောင်းလည်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်ပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ ဖူးပြီး အဆိုပါထုတ်ပြန်ချက်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုဆိုရှယ်မီဒီယာ၌ ဖော်ပြနေသည့် အချက်အလက်များသည် ၂၀၂၀ ပြည့်နှစ် တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပေါ်၌ Facebook ၏ Memory ပြန်တက်လာတဲ့အပေါ် အချက်အလက်၊ ခုနှစ် များ ပြင်ဆင်ပြီး ပြည်သူလူထုအကြား မော်တော်ကားစျေးကွက် မတည်မငြိမ်ဖြစ် စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကြေညာချက်အတု ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအကြား စည်းလုံးညီညွတ်မှု ပျက်ပြား စေရန် အငြင်းပွားဖွယ်ရာကိစ္စများကို သွေးထိုးလှုံ့ဆော်ပြီး ရွေးကောက်ပွဲကာလ မတိုင်ခင် နိုင်ငံရေးမတည်မငြိမ်ဖြစ်စေရန် မသမာသူတွေက လုပ်ကြံသတင်းဖြန့် ကြေညာချက်အတုထုတ်ပြန်ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုထားကြောင်းသိရ သည်။

Credit - NP News Agency

#centralnewsnaypyitaw

imageimage