အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ထိုင်း နှင့် ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးပွဲသို့ တက်ရောက်ဖွယ်ရှိ

အောက်တိုဘာ ၁၄

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ထိုင်း နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံတို့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို လာမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာပြုလုပ်တဲ့အခါ တက်ရောက်သွားဖွယ်ရှိတယ်လို့ အိမ်ရှင်အဖြစ်ကျင်းပမယ့် မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် က ဒီနေ့ အောက်တိုဘာလ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား တင်းမာမှုတွေက ဇူလိုင်လမှာ နှစ်နိုင်ငံကြားစစ်ပွဲဆင်နွှဲရတဲ့အထိ ဖြစ်ခဲ့ရပြီး သူတို့အကြားမှာလည်း ဆယ်စုနှစ်တွေအတွင်း အသေအပျောက်အများဆုံးစစ်ပွဲလည်း ဖြစ်ခဲ့ရပါတယ်။ စစ်ပွဲမှာ နှစ်ဖက် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး နယ်စပ်ဒေသရှိ လူ ၃၀၀,၀၀၀ ကျော် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ငါးရက်ကြာတိုက်ခိုက်မှုတွေအပြီးမှာတော့ သမ္မတ ထရမ့်ပ်ရဲ့ ဖိအားပေးစေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်သဘောတူခဲ့ကြတာပါ။ ဒီ့နောက်မှာတော့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲနေခဲ့ကြတာပါ။

အမေရိကန်သမ္မတ ထရမ့်ပ် အနေနဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးတာကို ကြိုဆိုတယ်လို့ မိုဟာမက် ဟာဆန်က ကွာလာလမ်ပူမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းစာဆရာတွေကို ပြောခဲ့ပါတယ်။

သူက ထရမ့်ပ်ဟာ အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ အောက်တိုဘာလ ၂၆ ရက်မှာ မလေးရှားကို လာရောက်မယ်လို့ ပြောခဲ့ပါတယ်။

မလေးရှားနဲ့ အမေရိကန်တို့ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပိုမိုကျယ်ပြန့်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မြင်တွေ့ဖို့ စည်းရုံးရေးမှူးတွေအဖြစ် ဆောင်ရွက်သွားမယ်လို့လည်း မိုဟာမက်က ပြောခဲ့ပါတယ်။

မိုဟာမက်က “နှစ်ဖက်စလုံးက ဒီအခြေအနေတွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပြီး အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကို ကျွန်တော်တို့က ကွာလာလမ်ပူကြေညာစာတမ်း ဒါမှမဟုတ် ကွာလာလမ်ပူသဘောတူညီချက်လို့ ခေါ် ဆိုနိုင်မှာပါ။ အိမ်နီးချင်းနှစ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးအတွက် အတူတကွပူးပေါင်းနိုင်ပြီး သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း အကောင်အထည်ဖော်နိုင်စေဖို့ သေချာစေလိုပါတယ်” လို့ ပြောခဲ့ပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံ တင်းမာမှုတွေကို ဖြေရှင်းပေးချင်တယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်ဆီက စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် အနျူတင် ချန်ဗီရာကူလ်က အောက်တိုဘာလ ၉ ရက်က ပြောခဲ့ပါတယ်။ သူက “ကမ္ဘောဒီးယားက နယ်စပ်ဒေသတွေက လက်နက်ကြီးတွေကို ရုပ်သိမ်းဖို့၊ မြေမြှုပ်မိုင်းတွေ ဖယ်ရှားဖို့၊ အင်တာနက် လိမ်လည်သူတွေကို နှိမ်နင်းပြီး သူတို့ရဲ့ နိုင်ငံသားတွေကို ထိုင်းနယ်စပ်မှ ရွှေ့ပြောင်းပေးမယ်ဆိုရင် ထိုင်းနိုင်ငံသည် ညှိနှိုင်းရန် အသင့်ရှိတယ်” လို့ ဆက်လက် ပြောခဲ့ပါတယ်။

ကမ္ဘောဒီးယားကလည်း သူ့နိုင်ငံသားတွေဟာ အငြင်းပွားနေတဲ့နယ်စပ်ဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာနေလာတာလို့ ပြောခဲ့ပါတယ်။

အာဆီယံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထရမ့်ဟာ အာဆီယံအစည်းအဝေးများကို တက်ရောက်မယ်လို့ ပြောကြားခဲ့ပေမယ့် အမေရိကန်အစိုးရထံမှ တရားဝင်အတည်ပြုချက် မရရှိသေးပါဘူး။

Ref, CNA

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image