ကစားသမားဘဝအား စိတ်ပျက်စရာ အဆုံးမသတ်ရစေရန် မားကပ်စ်ရက်ဖို့ဒ်အား တူချယ် သတိပေး ပြောကြားလာ
အောက်တိုဘာ ၁၄
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က မားကပ်စ်ရက်ဖို့ဒ်ရဲ့ အလားအလာမှာ အကန့်အသတ် မရှိကြောင်း၊ သို့ရာတွင် ဘာစီလိုနာတိုက်စစ်သမားအနေဖြင့် ကစားသမားဘဝအား မလှမပ အဆုံးမသတ်စေရေး တွေးတောထားရန် သတိပေးပြောကြားလာပါတယ်။
ယူနိုက်တက်မှ ဘာစီလိုနာသို့ တစ်ရာသီအငှားဖြင့် သွားရောက် ကစားနေတဲ့ မားကပ်စ်ရက်ဖို့ဒ်ဟာ စပိန်တွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိနေကာ ၁၀ ပွဲကစားထားရာတွင် ၃ ဂိုးသွင်းပြီး ၅ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
အသက် ၂၇ နှစ်ရှိ တိုက်စစ်သမားဟာ ပြီးခဲ့တဲ့ ရာသီဝက်တုန်းက ဗီလာတွင် အငှားဖြင့် သွားကစားစဉ်တုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့မှုနှင့်အတူ တူချယ်ရဲ့ အင်္ဂလန်အသင်းတွင် ပြန်လည် ရွေးချယ်ခံလာခဲ့ရသူလည်း ဖြစ်ပါတယ်။
တူချယ်က "ပါရမီနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ မရှိဘူး။ မေးခွန်းထုတ်စရာ ရှိတာက သူ့အနေနဲ့ ကလပ်နဲ့ နိုင်ငံအဆင့်မှာ သက်သေပြမလားဆိုတာပါ"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်ဟာ ယနေ့ အင်္ဂါနေ့ညတွင် ရီဂါတွင် လတ်ဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရမှာ ဖြစ်ပြီး အနိုင်ရလျှင် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါမယ်။
ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်နည်းပြရူဘင်အမိုရမ်နှင့် ပြဿနာတက်ပြီးနောက် ပထမအသင်းမှ ဖယ်ရှားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဇန်နဝါရီလမှာတော့ ရူဘင်အမိုရမ်က ရက်ဖို့ဒ်မှာ လေ့ကျင့်ရေးအစီအစဉ်တွင် နေ့စဉ် ရာနှုန်းပြည့် စွမ်းဆောင်လုပ်ပြခြင်း မရှိကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
တူချယ်က မားကပ်စ်ရက်ဖို့ဒ်မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အရွယ်သို့ ရောက်နေပြီ ဖြစ်ပြီး မချမှတ်နိုင်ပါက နောက် ၁၀ နှစ်တွင် နောင်တရမယ့် အခြေအနေမျိုး ကြုံရလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
တူချယ်က "သူ့အတွက် အကန့်အသတ်က အရမ်း အရမ်း မြင့်လွန်းတယ်။ အခြားသူတွေထက် ပိုမြင့်နိုင်တယ်။ သူ့မှာ အလားအလာတွေ ရှိတယ်။ ဒါပေမယ့် အလားအလာဆိုတဲ့စကားလုံးက ထိပ်တန်းအဆင့်အားကစားမှာ အရမ်းအန္တရာယ်ရှိတဲ့စကားပါ။ ပုံမှန်အခြေခံလောက်လုပ်ပြီး ပုဂ္ဂိုလ်ရေးပိုင်းအရ အကောင်းဆုံးအဆင့်သို့ ရောက်နိုင်တယ်။ ဒီအဆင့်မှာ တောင်းဆိုခံရတဲ့အရာမျိုးပေါ့။ ပြီးတော့ ဒါက သူ့အတွက် စိန်ခေါ်မှု ဖြစ်နေတယ်။ လေ့ကျင့်ရေးကွင်းမှာ သူ့အရည်အသွေး မြင်လိုက်တာနဲ့ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်နိုင်တာ မြင်ခဲ့ရတယ်။ ခြေနှစ်ဖက်လုံးနဲ့ အဆုံးသတ်နိုင်တယ်။ ခေါင်းတိုက်လည်း ကောင်းတယ်။ အရမ်းမြန်တယ်။ လေထဲမှာလည်း ကောင်းတယ်။ ဒီတော့ အကန့်အသတ်ကဘာလဲ"လို့ ပြောကြားသွားပါတယ်။
#ဘောလုံးသတင်းစုံ
