မြန်မာနယ်စပ်မှာ ကျားဖြန့်တွေ Starlink သုံးစွဲနေမှု အမေရိကန်လွှတ်တော်ကော်မတီ စုံစမ်းစစ်ဆေးနေ
ဝါရှင်တန်၊ အောက်တိုဘာ ၁၄
မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) တွေ မကြာသေးခင်လတွေအတွင်း ဖြိုခွင်းမှုတွေပြီးနောက် လအနည်းငယ်အကြာမှာ ဒီလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပြန်လည်ခေါင်းထောင်နေတယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ပြောပါတယ်။
အီလွန်မာ့ခ်ရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုတွေကို လည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တဝိုက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းလို အဆောက်အဦးတွေရဲ့ ခေါင်မိုးတွေမှာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းခံရချိန်မှာ Starlink သုံးစွဲမှု သိပ်မရှိပေမယ့် ဇူလိုင်လ ၃ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ Starlink ဟာ မြန်မာနိုင်ငံအတွက် နေ့စဉ် အကြီးမားဆုံး အင်တာနက်ဝန်ဆောင်မှုဖြစ်လာခဲ့ကြောင်း အာရှဒေသတွင်း အင်တာနက်မှတ်ပုံတင်ခြင်းဆိုင်ရာအဖွဲ့ (APNIC )ရဲ့ အချက်အလက်တွေမှာ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းလည်ပတ်မှုမှာ Starlink ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးမှုစတင်နေပြီလို့ အမေရိကန်ကွန်ဂရက်လွှတ်တော် ပူးတွဲစီးပွားရေးကော်မတီက အေအက်ဖ်ပီကိုပြောပါတယ်။
ဒီကော်မတီဟာ Starlink ပိုင်ဆိုင်သူ အီလွန်မာ့ခ်ကို ဆင့်ခေါ်စစ်ဆေးနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Starlink ကိုပိုင်ဆိုင်သည့် SpaceX ကုမ္ပဏီကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
နယ်စပ်ရှိ ငွေလိပ်ဂိုဏ်းတွေကို တရုတ်၊ ထိုင်းနဲ့ မြန်မာတို့က ဖေဖော်ဝါရီလမှာ ပူးပေါင်းနှိမ်နင်းခဲ့ပြီး အဓမ္မအလုပ်စေခိုင်းခံရသူ လူ ၇၀၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြပါတယ်။
Planet Labs PBC မှ ဂြိုလ်တုဓာတ်ပုံတွေကို AFP မှ ခွဲခြမ်းစိတ်ဖြာကြည့်ရာ မတ်လနဲ့ စက်တင်ဘာလအကြား KK Park မှာ ဒါဇင်နဲ့ချီ အဆောက်အအုံအသစ်တွေ သို့မဟုတ် အဆောက်အအုံပြောင်းလဲမှု အနေအထားတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
Ref:CNA
Photo: Cezary Podkul
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
