5 d - Translate

လွိုင်ကော်တက္ကသိုလ်ကို လုံခြုံရေးအပြည့်နဲ့ ပြန်ဖွင့်လာ
အောက်တိုဘာ ၁၄ ၊ ၂၀၂၅
CC (VOM)
နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ လွိုင်ကော်တက္ကသိုလ်ကို ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးအပြည့်အဝချကာ အောက်တိုဘာ ၁၃ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ကာ အဝေးသင် ဒုတိယသုတ် ကျောင်းသားတွေကို အနီးကပ်သင်တန်း စတင် သင်ကြားပို့ချနေပြီဖြစ်တယ်လို့သိရပါတယ်။
လွိုင်ကော်တက္ကသိုလ် ဝန်းနဲ့ အပြင်ဘက်တလျှောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူပေးထားတာဖြစ်ကြောင်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။
" တက္ကသိုလ်ကမနေ့ကစဖွင့်တယ်။အရင်ရက်ကဝန်ကြီးချုပ်လည်းလာသွားပြီးလိုအပ်တာတွေလုပ်ပေးမယ်လို့သိရတယ်။ တက္ကသိုလ်ဘက်မှ ာလုံခြုံရေးတွေချပေးထားတယ်။အရင်ကလည်း ကျောင်းဝန်းထဲမှာတပ်နဲ့ရဲကတော့ရှိတယ်။အခုက အင်အားဘယ်လောက်ချထားတယ်ဘာညာတော့ အတိအကျမသိရပါဘူး။ တက္ကသိုလ်အနီးက လမ်းတွေထဲမှာလည်း ရဲကင်းတွေရှိတယ်။ကျောင်းသားတော်တော်များများ တက်တာတွေ့ရတယ်။မတက်မနေရဆိုတော့အကုန်တက်ရတာပေါ့။" လို့ ဒေသခံကပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်ပိတ်ထားချိန်မှာ အဝေးသင် ကျောင်းသူကျောင်းသားတွေက တောင်ကြီးတက္ကသိုလ်မှာ ပြောင်းရွှေ့တက်ရောက်နေကြရတာဖြစ်ပြီး အနီးကပ်သင်တန်းနဲ့ စာမေးပွဲဖြေဆိုရမယ့်ကာလနီးကပ်ချိန်မှာ တက္ကသိုလ်ပြောင်းလဲဖြေဆိုဖို့ စာထုတ်လာကြောင့် ကျူရှင်ကို တောင်ကြီးမှာ တက်ရောက်မှုရှိတဲ့ ကျောင်းသားတွေအတွက် အခက်အခဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်။
" အခုက မဖြစ်မနေဆိုတော့ တောင်ကြီးမှာတက်ဖို့လုပ်ထားသူအားလုံး ဒီမှာပြန်တက်ရတာပေါ့။တချို့ကတောင်ကြီးမှာပဲ ကျူရှင်တွေတက်ကြတာရှိတယ်ဆိုတော့ နည်းနည်းအခက်တွေ့ကြတာပေါ့။စာမေးပွဲနားနီးရင် ကျူရှင်တွေကအနီးကပ်ထပ်ပြကြတာရှိတယ်မလား။" လို့ လွိုင်ကော်ဒေသခံကပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်မှာ အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး အဝေးသင် ဒုတိယအသုတ်ကျောင်းသားကျောင်းသူတွေ စတင်တက်ရောက် ပညာသင်ကြားနေကြပြီဖြစ်ပါတယ်။
အဝေးသင် ဒုတိယသုတ် (ဝိဇ္ဇာအထူးပြုဘာသာရပ်များ - အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ)အနီးကပ်သင်တန်းက အောက်တိုဘာ ၁၃ ရက်မှ ၂၂ ရက်အထိ ဖြစ်ပြီး စာမွေးကာလကတော့ အောက်တိုဘာ ၂၄ မှ ၃၀ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။
အဝေးသင် တတိယသုတ် (မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာဘာသာရပ်)အနီးကပ်သင်တန်းက နိုဝင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ ဖြစ်ပြီး စာမွေးကာလကတော့ နိုဝင်ဘာ ၁၃ မှ ၂၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။
လက်ရှိလွိုင်ကော်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်နဲ့ ဒုတိယပါမောက္ခချုပ်ကတော့ ဒေသတွင်းလက်နက်ကိုင်တွေဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ ယခင်ပါချုပ်အဟောင်း ဦးအောင်ခင်မြင့်နဲ့ ဒုတိယပါမောက္ခချုပ်က ဒေါ်သီတာ တို့မဟုတ်တော့ဘဲ လူသစ်တွေဖြစ်တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နယ်မှာ လွိုင်ကော် တက္ကသိုလ် ၊ လွိုင်ကော်နည်းပညာတက္ကသိုလ် ၊ ပညာရေးကောလိပ် ၊အစိုးရစက်မှုလက်မှုသိပ္ပံ၊ ကွန်ပျူတာတက္ကသိုလ်တို့ရှိပြီး ခုဆိုရင် အားလုံးကိုပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်တယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာစခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ PDF ပူးပေါင်းတပ်နဲ့ စစ်တပ်အကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်တက္ကသိုလ်ရှိအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ကို ပိတ်ခဲ့ရတာဖြစ်တယ်လို့သိရ ပါတယ်။
တိုက်ပွဲကြောင့် လွိုင်ကော်တက္ကသိုလ်ရှိ ကျောင်းသားရေးရာဌာန၊ စုပေါင်းခန်းမ၊ အစည်းအဝေးခန်းမနဲ့ စာသင်ခန်း၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ ၊ ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန ရုံးခန်းတွေ၊ စာသင်ခန်း၊ ကယားချယ်ရီနဲ့ ကယားသဇင် ကျောင်းသူအိပ်ဆောင်၊ သန့်စင်ခန်းနဲ့ ထမင်းစားခန်းမ ၊ ပါမောက္ခ၊ ဌာနမှူး အိမ်ရာတွေနဲ့ တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံတို့ပျက်စီးခဲ့တဲ့အတွက် အချိန်ယူကာ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ လွိုင်ကော်မြို့နယ်ထဲက ကျေးရွာဘက်တွေမှာတော့ စစ်တပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေရှိနေပေမယ့် မြို့ပေါ်မှာတော့ ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုရှိပြီး အေးချမ်းတယ်လို့သိရပါတယ်။
ဓာတ်ပုံ - loikaw thu

image