Nomadland ရုပ်ရှင်နဲ့အတူ အော်စကာဆုဆွတ်ခူးထားတဲ့ အမျိုးသမီးဒါရိုက်တာ Chloé Zhao ရဲ့ Hamnet ရုပ်ရှင်ပိုစတာ ထွက်ရှိလာပါပြီ။
ဒီရုပ်ရှင်ဟာ ဂန္တဝင်ပြဇာတ်ရေးဆရာ William Shakespeare နဲ့ ဇနီးဖြစ်သူ Agnes တို့ရဲ့ သားဖြစ်သူ Hamnet ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရာကတဆင့် Shakespeare ရဲ့ ဂန္တဝင်မြောက်လက်ရာတစ်ခုဖြစ်တဲ့ Hamlet ပြဇာတ်ဖြစ်ပေါ်လာပုံကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ အကြိုပြသမှုတွေအရ Hamnet ရုပ်ရှင်ဟာ ဇာတ်လမ်းတစ်ဝက်လောက်ကစလို့ မျက်ရည်ဖြိုင်ဖြိုင်ကျရတဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီနှစ်အတွက် ဝမ်းနည်းစရာအကောင်းဆုံး၊ ရင်အကွဲရဆုံးရုပ်ရှင်တစ်ကားဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူ Agnes Shakespeare အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Jessie Buckley ဟာ သေချာပေါက် အော်စကာဆန်ခါတင်စာရင်းမှာ ပါဝင်လာမယ်လို့ တစ်ပေးခံထားရပြီး မင်းသား Paul Mescal ဟာလည်း ဇာတ်ပို့ဆန်ခါတင်စာရင်းမှာ ပါဝင်လာဖို့ အလားအလာရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။
Hamnet ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလကုန်မှာ စတင်ပြသသွားမှာဖြစ်ပြီး Eternals ရုပ်ရှင်ပြီးကတည်းက ရုပ်ရှင်သစ်မထွက်ရှိလာသေးတဲ့ Chloé Zhao တစ်ယောက် Hamnet ရုပ်ရှင်နဲ့အတူ အော်စကာစင်မြင့်ပေါ် တကျော့ပြန်တက်ရောက်လာမလားဆိုတာ စောင့်ကြည့်ခံစားကြရမှာပါ။
