မပျံတာကြာသွားရင် သင့်အတောင်ပံတွေက ဘယ်လိုပျံရမလဲဆိုတာ မေ့သွားလိမ့်မယ်။ ဒီပုံပြင်လေးက စကြိုးစားဖို့ လမ်းပျောက်နေသူများအတွက်ပါပဲ🦅
တစ်ခါတုန်းက လင်းတအုပ်ကြီးဟာ ငါး၊ ဖားနဲ့ ပင်လယ်သတ္တဝါငယ်လေးတွေနဲ့ ကြွယ်ဝပြီး သားရဲတိရစ္ဆာန်တွေ လုံးဝမရှိတဲ့ လှပင်ြိမ်သက်စိမ်းလန်းတဲ့ ကျွန်းတစ်ကျွန်းကို တွေ့ခဲ့တယ်။ လင်းတငယ်တစ်ကောင်က "ဒါဟာ ကောင်းကင်ဘုံပဲလို့" ဆိုပြီး အော်ဟစ်ပြောလိုက်တယ်။ ဒီနေရာမှာဆို အစားအစာတွေ ကုန်မှာမဟုတ်ဘူး၊ နားနေလို့ရတယ်၊ အမဲလည်းလိုက်စရာမလိုဘဲ ပျံသန်းရတဲ့ဒုက္ခလည်း ကင်းမယ်လို့ဆိုတယ်။ အားလုံးကဒီမှာပဲ ထာဝရနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အချိန်ကြာလာတော့ လင်းတတွေဟာ ပျံသန်းတာကိုရပ်လိုက်ကြတယ်။ ဘဝဟာ လွယ်ကူသက်သာပြီး ငြိမ်းချမ်းလာတာနဲ့အမျှ သူတို့ရဲ့အတောင်ပံတွေဟာ အားနည်းလာပြီး ခြေသည်းလက်သည်းတွေလည်း ချွန်ထက်မှုမရှိကြတော့ဘူး။ ဒါပေမယ့် တကယ့်လောကကြီးကို ကြုံတွေ့ခဲ့ဖူးတဲ့ လင်းတအိုကြီးတစ်ကောင်က ဒီအခြေအနေကို စိုးရိမ်စွာကြည့်ရှုနေခဲ့တယ်။ ဒီကျွန်းဟာ သူတို့ကို အားနည်းအောင်လုပ်နေတယ်လို့ စိုးရိမ်မိတာကြောင့် သူက အုပ်စုတစ်ခုလုံးကိုစုပြီး တောထဲကိုပြန်သွားဖို့ တိုက်တွန်းခဲ့တယ်။ တောထဲမှာပဲ တကယ့်ဘဝရှိတယ်၊ ဒီမှာ အန္တရာယ်တစ်ခုပေါ်လာရင် သူတို့မလွတ်နိုင်ဘူးလို့ သတိပေးခဲ့တယ်။
လင်းတငယ်တွေကတော့ သူ့ကို လှောင်ပြောင်ကြပြီး ဒီနေရာဟာသူတို့အတွက်လုံခြုံတယ်လို့ ခံစားရတာကြောင့် ဒုက္ခရောက်ရာနေရာကို ပြန်မသွားချင်ကြတော့ဘူး။ လင်းတအိုကြီးက သူ့သတိပေးချက်ကို ထပ်ပြောခဲ့တယ်။ သူတို့ရဲ့အတောင်တွေဟာ ကောင်းကင်ကိုမေ့သွားပြီ၊ ခြေသည်းလက်သည်းတွေဟာ အရင်လို မချွန်ထက်တော့တာကြောင့် တကယ့်စမ်းသပ်မှုတစ်ခုကြုံလာရင် ဘာဖြစ်မလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ သူ့စကားကို ဘယ်သူကမှ ဂရုမစိုက်တာကြောင့် သူတစ်ကောင်တည်း ပျံထွက်သွားခဲ့တယ်။
လအနည်းငယ်ကြာပြီးနောက် သင်္ဘောတစ်စီးရောက်လာပြီး ကျားသစ်တွေကို ကျွန်းပေါ်လွှတ်ခဲ့တယ်။ ကျားသစ်တွေဟာ လင်းတတွေ မပျံနိုင်တာကို မကြာခင်မှာပဲ သိရှိသွားခဲ့ကြပြီးနောက် ထိတ်လန့်ဖွယ် အသတ်ခံရမှုတွေ စတင်ခဲ့တယ်။ လင်းတတွေဟာ လွတ်အောင်မပျံနိုင်၊ မတွန်းလှန်နိုင်တော့ဘူး။ လင်းတအိုကြီး ပြန်ရောက်တဲ့အခါ နေရာတိုင်းမှာ လင်းတအသေတွေနဲ့ ကြေကွဲဖွယ်မြင်ကွင်းကြားထဲမှာ လင်းတငယ်တစ်ကောင် ဒဏ်ရာပြင်းပြင်းရနေပြီး အသက်လုနေတာကိုပဲ တွေ့ခဲ့ရတယ်။
အသက်ရှူကျန်နေတဲ့ လင်းတငယ်က လင်းတအိုကြီးမှန်တယ်လို့ ဝန်ခံခဲ့တယ်။ သူတို့ဟာ ပျံသန်းတတ်မှု၊ တိုက်ခိုက်တတ်မှုတွေကို မေ့လျော့သွားကြတယ်၊ ဒါကြောင့် သူတို့ဒီလိုအဆုံးသတ်ရတာပဲ၊ သူ့စကားကိုနားထောင်ခဲ့ရင် ကောင်းမှာပဲလို့ နောင်တရကြောင်းပြောပြခဲ့တယ်။ လင်းတအိုကြီးက ဘာမှပြောစရာမရှိတော့ဘဲ တိတ်ဆိတ်စွာထိုင်နေခဲ့တယ်။ ကောင်းကင်ကတော့ ပြာနေဆဲပဲ၊ ဒါပေမယ့် တစ်ခါက ကောင်းကင်ကို စိုးမိုးခဲ့တဲ့ အတောင်ပံတွေကတော့ အခုငြိမ်သက်သွားခဲ့ကြပြီ။
ဒီပုံပြင်က သက်တောင့်သက်သာနေရာဟာ တဖြည်းဖြည်းချင်း ကျွန်မတို့ရဲ့ စွမ်းအား၊ ကျွမ်းကျင်မှုနဲ့ သတ္တိတွေကို ချိုးဖျက်ပစ်လိုက်နိုင်တဲ့ တိတ်တဆိတ်ထောင်ချောက်တစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်းကို သတိပြုစရာပါပဲ။ မသက်မသာဖြစ်မှု၊ စိန်ခေါ်မှုနဲ့ ရုန်းကန်မှုတွေကို ဆက်တိုက်ရင်ဆိုင်ရင်းနဲ့ ကျွန်မတို့ရဲ့ အတွင်းစွမ်းအားကို ထိန်းသိမ်းထားနိုင်ပေမယ့်၊ သက်တောင့်သက်သာကိုသာ ရွေးချယ်မိရင်တော့ ဘဝရဲ့ တကယ့်အမှန်တရားတွေဆီက ဝေးရာကို ရောက်သွားတတ်ပါတယ်။ မျှော်လင့်မထားတဲ့ ဒုက္ခဆိုက်ရောက်လာတဲ့အခါ ကျွန်မတို့ဟာ မပြင်ဆင်ထားဘဲ၊ မရင်ဆိုင်နိုင်တော့ဘဲ ဖြစ်သွားတတ်ပါတယ်။ ဘဝမှာကြုံတွေ့လာနိုင်တဲ့ မည်သည့်အခြေအနေမျိုးမှာမဆို ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေကို ပုံမှန်ရင်ဆိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ဒီပုံပြင်က အလင်းပြနေပါတယ်။