#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့်မြန်မာ ၄၀ ခန့် အလုပ်ထုတ်ခံရ၍ နစ်နာကြေးရရှိရန် အမှုဖွင့် တိုင်ကြား
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် အုန်းယိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာ ၄၀ ခန့် အလုပ်ထုတ်ခံခဲ့ရကြောင်းMHAC မဟာမိတ်အဖွဲ့မှ သိရသည်။
အလုပ်ထုတ်ခံရသူများတွင်လုပ်သက် သုံးလကျော်မှ နှစ်ပေါင်း၂၀ကျော် အလုပ်သက်တမ်းရှိ မြန်မာ အလုပ်သမားများအပါအဝင် ၃၈ ဦးတို့အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှ ထုတ်ပယ် လိုက်ကြောင်းကူညီမှုပေးနေသည့် MHAC မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
အလုပ်ရှင်မှ အလုပ်သမားများကို ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ကြားပေးပြီး ဖြေရှင်းရန်ကြိုးပမ်းခဲ့သော်လည်း အလုပ်သမားများက လက်မခံသည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမားများ နစ်နာကြေး ရရှိရန်အတွက် အောက်တိုဘာ ၆ ရက်တွင်နယ်မြေခံစဝါဒီကန်ရုံး (အလုပ်သမားရုံး)၌ အလုပ်သမားများ နှင့်အတူ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း MHAC အဖွဲ့မှသိရသည်။
ယခုဖြစ်စဉ်နှင့်အလားတူ ထိုင်းနိုင်ငံ ချာချင်ဆောင်ရှိ အလုပ်ရုံ တစ်ခုတွင် မြန်မာအလုပ်သမား ၃၂၀ တို့အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်သက်လေးလမပြည့်ခင်စက်ရုံမှ အလုပ်ထုတ်ခဲ့ပြီး မြန်မာအလုပ်သမားများ၏ အကူအညီတောင်းချက်အရ အောက်တိုဘာ ၇ရက်တွင် နစ်နာကြေး ထိုင်း ဘတ်ငွေသုံးသန်းကျော် ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း MHAC အဖွဲ့မှသိရသည်။